
(ချင်း)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
မြန်မာငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလတွင် စစ်ကောင်စီအနေဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် တိုက်တွန်းထားသည်။
ငလျင်ဒဏ်ကြောင့် ပြည်သူများ သေဆုံးခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် အိုးအိမ်များ ပြိုကျပျက်စီးခြင်း၊ လမ်းတံတား အခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအပေါ် မြန်မာပြည်သူနှင့် ထပ်ထူထပ်မျှ ကြေကွဲဝမ်းနည်းရသည်ဟု CNF က ဆိုသည်။
ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလ၌ပင် စစ်ကောင်စီတပ်သည် နိုင်င့တစ်ဝှမ်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း လွပ်လပ်သောသတင်းမီဒီယာများက ရေးသားဖော်ပြနေကြသည်။
ထို့ကြောင့် ငလျင်ဘေးဒဏ်သာမက စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူများ ဆက်လက် သေဆုံးမှုရှိနေသည့်အတွက် ထိုလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် CNF က တိုက်တွန်းထားသည်။
ငလျင်ဘေးဒဏ်သင့် ပြည်သူထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အပြည့်အဝ ရရှိရေး၊ ဘက်လိုက်မှု ကင်းသော လူသားချင်း စာနာထောက်ထားမှု ပေးအပ်ရေး၊ နိုင်ငံတကာ သတင်းမီဒီယာများမှ မြေပြင်အခြေအနေ သတင်းမှန်ကို လွတ်လပ်စွာ ရယူနိုင်ရေးတို့ကိုလည်း တောင်းဆိုထားသည်။
အလားတူ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဆောင်ရွက်ရာတွင် နိုင်ငံရေးအမြတ်ထုတ်မှု မရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု CNF က ဆိုသည်။
ငလျင်ဘေးဒဏ်သင့် ပြည်သူများ အရေးပေါ် လိုအပ်နေသည့် ဆေးဝါး၊ စားနပ်ရိက္ခာများကို ကူညီပေးသွားမည်ဟု ချင်းပြည်အစိုးရကလည်း မတ်လ ၃၀ ရက်က ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် သေဆုံးသူ ၂၇၁၉ ဦး၊ ဒဏ်ရာရသူ ၄၅၂၁ ဦးနှင့် ပျောက်ဆုံးသူ ၄၄၁ ဦးရှိကြောင်း စစ်ခေါင်းဆောင်က ဧပြီ ၁ ရက်နေ့တွင် ပြောဆိုထားသည်။
#ငလျင်ဘေး #အရေးပေါ်ကာလ #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက်မှုရပ်တန့်ရန် #CNFတိုက်တွန်း
#Ayeyarwaddy_Times