ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧပြီ ၁ ရက်

လူဟူသည် မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ ဘယ်ဘာသာကိုမျှ မကိုးကွယ်သည်ဖြစ်စေ လူသားချင်း စာနာမှု၊ ကိုယ်ချင်းစာတရားကတော့ လူသားတိုင်းတွင် မဖြစ်မနေ ရှိသင့်သည့်အရာ ဖြစ်သည်။

လူဖြစ်လျှက် ကိုယ်ချင်းစာတရားမရှိသူကို လူဟူ၍ပင် မခေါ်ထိုက်၊ လူဖြစ်လျှက် အသိဥာဏ် ကင်းမဲ့သော အရိုင်းအစိုင်း လူ့မိစ္ဆာများဟုသာ ခေါ်ဆိုရမည်ဖြစ်သည်။ အိပ်၊ စား၊ ကာမ ဤ ၃ မျိုးသာသိသော လူ့တိရစ္ဆာန်ဟု ခေါ်ဆိုထိုက်သည်။

ယနေ့ဆိုလျှင် မြန်မာ့သမိုင်းတလျှောက် သေကြေပျက်စီးမှုအများဆုံးဖြစ်သည့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ၅ ရက်မြောက်ခဲ့ပြီဖြစ်သည်။

အဆောက်အဦး အပျက်အစီးများကြားထဲ ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်ပြီး ရှင်မလား၊ သေမလား မရေရာသောဘ၀များစွာ ရှိနေဆဲ။ ၄င်းတို့ကို လူစိတ်ရှိသော ပြည်တွင်းပြည်ပ ကယ်ဆယ်ရေး သူရဲကောင်းများက တပင်တပန်းကြိုးစားကယ်ထုတ်လျှက်ရှိကြသည်။ ကျန်ရစ်သည့် မိသားစု၀င်များမှာလည်း သောကဗလောင်ဆူလျှက် အသက်မသေဘဲ မိသားစုပြန်ဆုံဖို့ကို အချိန်တိုင်း ရင်တမမ ဆုတောင်းနေကြရချိန် ဖြစ်သည်။

တဖက်တွင် ငလျင်ကြီးကြောင့် အဆောက်အဦး ပြိုကျပိတ်မိ၍ သေဆုံးခဲ့ကြသူတို့၏အလောင်းများစွာမှာလည်း အပျက်အစီးများအောက် ရှိနေဆဲဖြစ်ပြီး တချို့အလောင်းများဆိုလျှင် ပုပ်ပွနံစော်နေကြပြီ ဖြစ်သည်။ လူဖြစ်လျှက် လူ့ဂုဏ်သိက္ခာရှိစွာ မသေကြရသည့်ဘ၀များဖြစ်သည်။

မန္တလေးမြို့ရှိ သုဿာန်များတွင်လည်း မီးသဂြိုလ်ရမည့်အလောင်း များပြားလွန်းသဖြင့် မနိုင်မနင်းဖြစ်နေပြီး ကျန်ရစ်သူမိသားစုများက မြေကွက်လပ်၌ ထင်းပုံ၊ ကားတာရာပုံ၍ ဖြစ်သလို သဂြိုလ်နေရသည်။

အသက်မသေ လွတ်မြောက်ခဲ့သူတွေမှာလည်း ရေမရှိ၊ မီးမရှိ၊ နေအိမ်ပြို၍ နေစရာမရှိဘ၀ဖြင့် သောကရတက်ပွေနေရချိန်ဖြစ်သည်။

ဒုက္ခပင်လယ်‌ေ၀နေသောမြန်မာနိုင်ငံအတွက် နိုင်ငံတကာအစိုးရများက လူသားချင်း စာနာစိတ်ဖြင့် ငွေကြေး၊ ရိက္ခာနှင့် ကယ်ဆယ်ရေးသမားများစေလွှတ် ကူညီကြသည်။ ပြည်ပမှလာသည့် ကယ်ဆယ်ရေးသမားများကလည်း ကိုယ့်ဆွေကိုယ့်မျိုးမဟုတ်သည့်တိုင် လူသားချင်းစာနာမှုဖြင့် အသက်နှင့် ရင်း၍ ကြိုးစားကယ်ဆယ်နေကြသည်။

ယင်းအခြေအနေတွင် ယနေ့ (ဧပြီလ ၁ ရက်နေ့) မနက်ပိုင်း၌ မန္တလေးမြို့တွင် လူ ၁၀၀ ခန့်က အတီးအမှုတ် သီချင်းများဆို၍ ရှင်လောင်းလှည့်နေကြသလို ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်လည်း ၀တ်ကောင်းစားလှများဖြင့် ရှင်လောင်းလှည့်နေသည်ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။

မြန်မာနိုင်ငံသားတချို့ ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းလှသည်၊ လူစိတ်ကင်းမဲ့လွန်းသည်ဟု စာရေးသူ မှတ်ချက်ပြုမိသည်။

ကြီးမားပြင်းထန်သည့် သဘာ၀ဘေးကြီးကြောင့် တိုင်းပြည်က ငရဲတမျှ ဆူပွက်၍ ဒုက္ခအတိဖြစ်နေချိန်တွင် ၀တ်ကောင်းစားလှဖြင့် ပျော်ရွှင်စွာ ရှင်လောင်းလှည့်နိုင်ကြသည့် မြန်မာတချို့၏စိတ်ဓာတ်များက သြချရလောက်သည်။

ရှင်ပြုပွဲလက်ခံသည့် ဆရာတော်သံဃာတော်များက တပည့်ဒါယိကာ၊ ဒါယိကာမများကို ယခုကဲ့သို့ မလုပ်အပ်ဟု မဆုံးမကြသလော၊ ဘိုးဘွားမိဘများက ဆိုဆုံးမမှု မပြုကြသလော။ ရပ်ရွာအုပ်ချုပ်သူ အကြီးအကဲများက မတားမြစ်ကြသလော။ မြန်မာပြည်ကြီး ဘာတွေဖြစ်ကုန်ပြီနည်း။

အလှူ့ရှင်၊ အလှူ့အစ်မများ လူပေါင်းသန်းနှင့်ချီ အတိဒုက္ခရောက်နေချိန်တွင် “ငါတို့ ဒါမျိုးမလုပ်သင့်”ဟူသော အတွေး အဘယ်ကြောင့် မတွေးနိုင်ကြတော့သနည်း။

မြန်မာတချို့ ဤမျှလောက်အထိ ကိုယ်ချင်းစာတရားကင်းမဲ့၊ ဆင်ခြင်တုံတရားကင်းမဲ့ကြသည့်အပေါ် သြချမတတ် အံ့သြမိသည်။ ရှက်ဖွယ်လိလိပါတကား။

ဗုဒ္ဓဘာသာများဖြစ်၍ မြတ်ဗုဒ္ဓ၏ အဆုံးအမကို မျှ‌ေ၀လိုသည်။ မြတ်ဗုဒ္ဓက လူမှန်လျှင် ကိုယ်ကျင့်သီလနှင့် ပြည့်စုံရမည်ဖြစ်ပြီး အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားတတ်သော ဥာဏ်ပညာရှိရမည်ဟု ဆုံးမတော် မူခဲ့သည်။ ယင်း ၂ ချက်မရှိလျှင် လူဟူ၍ မခေါ်ထိုက်ဟု မြတ်စွာဘုရား မိန့်ကြားခဲ့သည်။

ကျွန်တော်ချစ်သော မြန်မာပြည်၌ ကိုယ်ချင်းစာတရားနှင့် လူသားဆန်မှုများ ယခုထက်ပိုမို ထွန်းကားကျယ်ပြန့်ဖို့၊ လူမပီသသူများ လျော့နည်းပပျောက်ဖို့သာ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။

ဓာတ်ပုံ – Green Area Professional Photography Training School

#AyeyarwaddyTimes #MyanmarEarthquake2025 #လူစိတ်ကင်းမဲ့သူများ #ဆောင်းပါး