
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
မန္တလေးမြို့တောင်ဘက် ကပ်လျက်ဖြစ်သည့် တံတားဦးနှင့် အင်းဝဘက်တွင် အရေးပေါ်ကူညီ ကယ်ဆယ်မှုများလိုအပ်နေပြီး အစားအသောက်နှင့် သောက်သုံးရေများ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် တံတားဦးနှင့် အင်းဝတွင် လည်း အဆောက်အဦများ ပျကိစီးမှုရှိပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကာ အလောင်းများအား ထုတ်ယူနိုင်ခြင်းမရှိသည့်အတွက် အပုပ်နံ့ များထွက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ပင်မဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ တံတားနှစ်စင်းလုံး ပျက်စီးခဲ့တာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေသွားလာလို့မရဘူးဖြစ်နေတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ရှမ်းပြည်နယ်အောင်ပန်း၊ နေပြည်တော်တို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများပြီး အများအပြားသေဆုံးကာ ကူညီကယ် ဆယ်ရေးအင်အား လုံလောက်မှု မရှိကြောင်း သိရသည်။
“သတင်းလုံးဝမတက်ဘဲ ဖုံးနေရတဲ့မြို့က တံတားဦးမြို့လေးပါ။ ပိတ်မိနေကြပြီး အလောင်းတွေ မထုတ်နိုင်သေးပါဘူး။ ကယ်ဆယ်ရေးရော စားစရာတွေရော အရမ်းကိုလိုအပ်နေပါတယ်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရုပ်အလောင်းများမှာလည်း ရာကျော်ကာ အပုပ်နံ့တွေထွက်နေပြီး အဆောက်အဦများကြားတွင် ညပ်နေ ပိနေသည်များကို အချိန်မီမကယ်ဆယ်နိုင်သဖြင့် သေဆုံးကုန်ကြောင်း သိရသည်။
ဈေး၊ ကုန်စုံဆိုင်နှင့် ရေတွင်းများပါပြိုပြီး အစား အသောက်၊ ရေ ရှားပါးကာ ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေသည့် အခြေအနေတွင်ရှိနေကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ပုံစာ- တံတားဦးနှင့် အင်းဝဘက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ
#မန္တလေး #တံတားဦး #အင်းဝ #အစားအသောက် #သောက်သုံးရေ #ပြတ်လပ် #အကူအညီလိုအပ် #Ayeyarwaddy_Times