
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
စစ်ကိုင်းမြေငလျင်ကြောင့် မြို့အတွင်း ၈၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ၏ တပ်မ (၃၃) အတွင်း အဆောက်အဦများပြိုကျပြီး သေဆုံးမှုများရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့အပြင်တွင် အခြေစိုက်ထားသည့် တပ်မ (၃၃) မှ အဆောက်အဦများပြိုကျပြီး လူထိခိုက်သေဆုံးမှုရှိသလို ဒဏ်ရာရနှင့်သေဆုံးစာရင်းကို စိစစ်နေကြောင်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“မျက်မြင်အနေနဲ့ကတော့ တပ်အဝင်မုခ်ဦးနဲ့ တပ်မျက်နှာစာခြံစည်းရိုးတွေ အကုန်ပြိုကျသွားတယ်။ အဲ့ဒါတွေကိုပြန်ကာဖို့ အသည်းအသန်လုပ်နေကြတယ်။ ပျူစောထီးတွေလည်း ငလျင်လှုပ်တဲ့ရက်မှာ ငြိမ်သွားပြီး အခုပြန်ကင်းလှည့်နေတယ်”ဟု ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်က ပြောသည်။
တပ်အဝင်မုခ်ဦးနှင့် တပ်မျက်နှာစာခြံစည်းရိုးများ ပြိုကျပျက်စီးသွားပြီး သဲအိတ်များနှင့် ဘန်ကာ ပြုလုပ်ပြီး လုံခြုံရေးယူထားရကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှု စတင်ဖြစ်ပွားသည့် မတ် ၂၈ ရက်နေ့တွင် တပ်မ (၃၃) နှင့် စစ်ကိုင်းမြို့အတွင်းမှ ပြည်သူ့စစ်များ၏ လှုပ်ရှားမှုမတွေ့ရဘဲ ယမန်နေ့ မတ် ၃၁ ရက်နေ့မှစ၍ ပျူစောထီးအဖွဲ့ဝင်များသည် စစ်ကိုင်းမြို့နယ်အတွင်း အိမ်စီးကားများဖြင့် ကင်းပြန်လှည့်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် တပ်မဌာနချုပ်ကို ဝင်တိုက်မည်ဆိုသည့် သတင်းရထားသည့်အတွက် ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ပိတ်မိသေဆုံးနေသူများကို ကယ်ဆယ်ရေးမလုပ်ဘဲ မျက်ကွယ်ပြုကာ စစ်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မ (၃၃) သည် စစ်ကိုင်းမြို့အတွင်း ကူညီကယ်ဆယ်ရေး လာရောက်လုပ်ဆောင်သူများကို ကြပ်မတ်စစ်ဆေးနေပြီး ဆန်နှင့်ရေစသည့် အခြေခံစားသောက်ကုန်များကို သွားရောက်ကူညီသည့် နေရာသို့ မပို့ဘဲ တပ်မဌာနချုပ်ထဲ ယူသွားကြောင်း ကယ် ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးထံမှ သိရသည်။
ငလျင်ကြောင့် စစ်ကိုင်းမြို့၏ ၈၀ ရာခိုင်နှုန်းမှာ ပျက် စီးသွားပြီး သေဆုံးသူများကို အပျက်အစီးပုံများအောက်မှ ကယ်ထုတ်နိုင်ခြင်းမရှိသေးသဖြင့် မြို့အတွင်း အပုပ်နံ့များ စတင်ထွက်ပေါ်နေပြီဖြစ် ကြောင်း မြို့ခံများထံမှ သိရသည်။
ပုံစာ- မီးသတ်ဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့၊ သကျမိတာ ဘုန်းတော်ကြီး ကျောင်း အဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများကို ယနေ့ ဧပြီ ၁ ရက်နံနက်ပိုင်းက ရှာဖွေနေစဉ်
#စစ်ကိုင်း #တပ်မ၃၃ #အဆောက်အဦ #ပြိုကျ #Ayeyarwaddy_Times