ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပျော်ဘွယ်မြို့ အမေထိန်ခန်းမပြိုကျပြီး ခန်းမထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ သေဆုံးပိတ်မိနေသူများရှိနေကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ၇ဒသမ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အမေထိန်ခန်းမပြိုကျပြီး ခန်းမအနီး ကူညီကယ်ဆယ်မည့်သူများရောက်ရှိလာသော်လည်း စစ်ကောင်စီ နှင့် ရဲတပ်ဖွဲ့ဝင်များက အနားကပ်မခံကြောင်း ဒေသခံများထံမှ သိရသည်။

“အထဲမှာပိတ်မိနေသူတွေ ရှိလောက်သေးတယ်။ ခန်းမထဲမှာ စစ်တပ်ကနေရာယူထားတော့ လက်နက် တွေလည်း ရှိလောက်တယ်။ အဲဒါကြောင့် ရဲတွေက ကယ်မယ့်သူတွေကို အနားကပ်မခံဘူး။ ဒီနေ့ထိ ဆိုတော့ ပိတ်မိနေသူတွေ သေလောက်ပါပြီ”ဟု ပျော်ဘွယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ် ပြိုကျရာတွင် ပိတ်မိနေသူ အယောက် ၄၀ ကို ကယ်ဆယ်မည့်သူများ ယမန်နေ့ကမှ ရောက်ရှိလာပြီး စစ်ဆေးကျရာတွင် အသက်ရှင်သန်ကျန်ရှိသူ မရှိတော့ကြောင်း ထုတ်ပြန်ထားသည်။

“အံပျော်ဘွယ်ဘဏ်နဲ့ အမေထိန်ခန်းမက နီးတယ်။ စဖြစ်ကတည်းက အဲဒီနှစ်နေရာလုံးကို ဘယ်သူ့ ကိုမှအကပ်မခံတာ။ ကယ်မယ့်သူတို့အဖွဲ့တွေက မနေ့ကမှ ရောက်တယ်။ ပျော်ဘွယ်က မြို့ပျက်ကြီး ပုံစံဖြစ်နေပါပြီ”ဟု အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျော်ဘွယ်မြို့နယ်အတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆၁ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၁၆ ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပုံစာ-အမေထိန်းခန်းမအနီးရှိ ကမ္ဘောဘဏ်ရှေ့တွင် တွေ့ရသည့် ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ဦး

#မန္တလေးတိုင်း #ပျော်ဘွယ် #အမေထိန်ခန်းမ #စစ်ကောင်စီ #တပ်စွဲထား #ပြိုကျ #ပိတ်မိ #သေဆုံး #Ayeyarwaddy_Times