
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် မတ် ၂၈ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်နေသည့်အတွက် သောက်သုံးရေ အခက်အခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
မြေအောက်ရေကို အဓိကထားအသုံးပြုနေကြသည့်အတွက် လျှပ်စစ်မီးမရှိသောကြောင့် သုံးရေရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများကပြောသည်။
“မီးမလာတာက ဖယောင်းတိုင်ထွန်းနေလို့ရတယ်။ ရေမရတာ ဒုက္ခရောက်ကုန်ရော ။ မြို့တော်တော်များများမှာအကုန်အခက်အခဲတွေဖြစ်နေတာ”ဟု ပုသိမ်မြို့ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် လူမှုကူညီရေးအဖွဲ့များမှ ရေသယ်ကားများဖြင့် လိုက်လံကူညီပေးနေပြီး အချို့ နေအိမ်နှင့် ဆိုင်များမှ မီးစက်နှိုးပေးကာ ရေနှင့်ဖုန်းအားသွင်းရန် အခမဲ့ပြုလုပ်ပေးနေကြောင်း သိရသည်။
အချို့ရပ်ကွက်များတွင် ရေတင်ရန်မီးစက်ဌားရမ်းခ နာရီ၀က်လျှင် ၅၀၀၀ ကျပ်နှင့် ဖုန်းတစ်လုံးအားသွင်းခ ၁၀၀၀ ကျပ်ဖြင့် ဆောင်ရွက်ပေးသူများရှိကြောင်း ဒေသခံများက ပြောသည်။
“မီးစက်ငှားခ က ငါးထောင်ကျပ်၊ ဆီက သုံးထောင့်ငါးရာဆိုတော့ နာရီ၀က်ကို ရှစ်ထောင့်ငါးရာလောက်ကုန်တယ် “ဟုမြောင်းမြ မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းအတွင်းရှိမြို့များတွင် ဆိုလာနှင့်မီးစက်များကို ၀ယ်ယူသူ များပြားနေရာ ဈေးနှစ်ဆပိုတကက်လာပြီး လျပ်စစ်ဖြင့် အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင် သူများ အခက်အခဲကြုံနေကြောင်း သိရသည်။
မတ်၂၈ရက်က စစ်ကိုင်းတိုင်းအတွင်းအခြေပြုလှုပ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ပဲခူးတိုင်းအတွင်းတွင် သေဆုံးပျက်ဆီးမှုများပြားခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရန်ကုန်အပါအဝင် နိုင်ငံအဝှမ်း မီးပြတ်တောက်မှု ကြုံတွေ့နေရခြင်းဖြစ်သည်။
#ဧရာ၀တီတိုင်း #မြို့နယ်များတွင် #လျှပ်စစ်မီးပြတ်တောက် #ရေအခက်အခဲကြုံ #Ayeyarwaddy_Times