
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီများအောက် ထုတ်မရသေးသည့် ရုပ်အလောင်းများ ကျန်ရှိနေသေးပြီး ရေနှင့် လျှပ်စစ်မီးပြတ်တောက်နေကာ စစ်ကောင်စီ၏ ကူညီမှုများ မရှိကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် အင်အား ၇ ဒသမ ၇ ရှိ ပြင်းထန်ငလျင် လှုပ်ခတ်ပြီးနောက် ယနေ့ မတ် ၃၁ ရက်အထိ စစ်ကိုင်းမြို့အတွင်းရှိ ပြိုကျပျက်စီးသွားသည့် ဗလီများအောက်မှ အစ္စလာမ်ဘာသာဝင်များ၏ ရုပ်အလောင်းများ ထုတ်မရသေးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မတ် ၃၁ ရက်သည် အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်ဆွလားသ်(အီးဒ်နေ့)ဖြစ်၍ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခြင်းမရှိသော ဗလီများနှင့် စစ်ကိုင်းအထက(၂) ကျောင်းဝင်းထဲတွင် ဝတ်ပြု ဆုတောင်းကြကြောင်း စစ်ကိုင်းမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။
“အီးဒ်ကျင်းပဖို့ နေနေသာသာ ရေတောင်သုံးဖို့ မရှိဘူး၊ လျှပ်စစ်လည်း မရှိပါဘူး။ တချို့ဗလီတွေအောက်မှာ ထုပ်လို့မရသေးတဲ့ ရုပ်အလောင်းတွေ ရှိနေသေးတယ်လေ။ စစ်ကောင်စီက ကူညီတာတော့ မတွေ့ပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံက ကူညီကယ်ဆယ်သူများ ရောက်ရှိလာပြီဖြစ်ပြီး ယင်းမတိုင်ခင်မူ ရွှေဘိုမြို့မှ မြို့လူငယ်အဖွဲ့နှင့် ဒေသတွင်း ကူညီမှုများသာရှိ၍ စစ်ကောင်စီက တားဆီးပိတ်ပင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါငလျင် လှုပ်ခတ်သောနေ့သည် အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရမ္မဇန် (ဥပုသ်လ)၏ နောက်ဆုံးသောကြာနေ့ ဖြစ်သောကြောင့် ပုံမှန်သောကြာနေ့များထက် ဗလီတက် ဝတ်ပြုသူများ ပြားခဲ့ကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်များထံမှ သိရသည်။
ထို့ကြောင့် ငလျင်လှုပ်ခတ်ချိန်တွင် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့သလို နိုင်ငံတစ်ဝန်း၌ ဗလီ ၆၀ လုံးကျော် ပြိုကျပျက်စီး၍ အစ္စလာမ်ဘာသာဝင် ၅၀၀ ထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
#စစ်ကိုင်းမြို့ #ပြိုကျဗလီများ #ထုတ်မရသေး #ရုပ်အလောင်းများ #ကျန်ရှိနေ #ရေ #လျှပ်စစ်မီးပြတ်တောက် #Ayeyarwaddy_Times