နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် အိမ်ခြေ နှစ်ထောင်ကျော်ပျက်စီးကာ မွေးကင်းစကလေး၊ သက်ကြီးပိုင်းအပါအဝင် လူ ၈၉ ဦး သေဆုံးထားပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်းအားပြင်းထန် ငလျင်ဒဏ်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ခြေ ၂၃၃၇ လုံး ထိခိုက်ပျက်စီးပြီး လူများနေထိုင်၍မရတော့ဘဲ သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

“လိုအပ်ချက်ကတော့ ဆိုလာမီးသီး၊ အဝတ်ထည်၊ နေထိုင်ရန်မိုးကာ၊ ခြင်ဆေး၊ ရေသန့်၊ အ‌စားအသောက် စတာတွေပေါ့။ ကူညီကယ်ဆယ်ရေးကတော့ နေရာစုံဖို့ ခက်ခဲပါတယ်” ဟု အင်းလေး ဒေသခံ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ သေဆုံးသူ ၈၉ ဦးသည် ငလျင်စတင် လှုပ်ခတ်သည့်နေ့မှ ယမန်နေ့ မတ် ၃၀ ရက်အထိ ကောက်ယူခဲ့သော စာရင်းဖြစ်ပြီး ထိုအထဲတွင် မွေးကင်းစကလေး၊ ၁၈ နှစ်အောက်နှင့် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားသော ကျေးရွာများမှာ နမ့်ပန်ရေလယ်၊ နမ်ပန်ကြတော၊ သလဲဦးအင်း၊ အုန်းပင်၊ စိတ္တ၊ နောက်မြောက်/တောင်၊ ရှေ့မြောက်/တောင်၊ ဇရပ်ကြီး၊ ရှေ့ဝကြီး၊ မြောင်းဝကြီး၊ အိုင်ထောင့်ကြီး၊ ရွှေပြည်သာ၊ ပေါက်ပါး၊ ဟန်ချို့၊ ဟဲယာရွာမ၊ အင်းပေါခုံနှင့် နမ့်ပန်မြို့တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့် အင်းလေးဒေသခံ ပြည်သူများသည် မြေပြင်ကျယ်ရှိ‌သော နေရာများ၌ ယာယီတဲထိုး၍လည်ကောင်း၊ လှေပေါ်နှင့် အခြားဘေးလွတ်ရာ နေရာများတွင်လည်ကောင်း နေထိုင် ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-ပေးပို့
#အင်းလေး #ငလျင်ဒဏ် #အိမ်ခြေ၂၀၀၀ကျော် #လူ၈၉ ဦးသေဆုံး #အရေးပေါ် #အကူအညီများလိုအပ် #Ayeyarwaddy_Times