ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် ငလျင်လှုပ်ပြီးနောက် ပျော်ဘွယ်မြို့၌ ဖွင့်ထားသည့် ကမ္ဘော ဘဏ်တွင် ပိတ်မိနေသည့် ဝန်ထမ်းများ အသက်ရှင်ကျန်ရစ်သူမရှိ‌နိုင်တော့ကြောင်း သိရသည်။

မီးသတ်ဌာနချုပ်နှင့် စင်္ကာပူမှအဖွဲ့တို့သည် ယမန်နေ့ မတ် ၃၀ ရက်နေ့ နေ့လယ် ၂ နာရီ ၂၀ ခန့်က လာရောက် စစ်ဆေးပြီးနောက် ကမ္ဘောဇဘဏ်အတွင်း အသက်ရှင်ကျန်နေသူ မရှိတော့ကြောင်း စစ်ဆေးချက်အရ သိရသည်။

“ပထမကတည်းက ရပ်ကွက်ထဲကလူတွေက ဝိုင်းပြီးကယ်ဖို့လုပ်တယ်။ သူတို့ကယ်ဆယ်ရေး အဖွဲ့တွေ လာမှ အနားကပ်ရမယ်ဆိုလို့ ဒီအတိုင်းကြည့်နေရတယ်။ အချိန်လွန်တော့မှ ရောက်လာတော့ အသက် ရှင်သူမရှိတော့ဘူးလို့ ထုတ်ပြန်တယ်။ ပိတ်မိနေတဲ့သူတွေ အတော်ခံစားသွားရမှာ” ဟု ပျော်ဘွယ်မြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် USER TEAMS မှ လက်ထောက်ညွှန်မှူး ဦးကောင်းမြတ် နောင်ဦးစီးသည့် တပ်ဖွဲ့ဝင် ၃၅ ဦးနှင့် စင်္ကာပူ Singapore Civil Defence Force မှ တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် ယမန်နေ့က ကမ္ဘောဇဘဏ်အဆောက်အဦ ဧရိယာသို့ လာရောက်ကြည့်ရှုစစ်ဆေးပြီး ရှာဖွေ ကယ်ဆယ်ရေး ခွေးနှစ်ကောင်ဖြင့်ပါ အသက်ရှင်လူနာရှိမရှိ ထောက်လှမ်းစစ်ဆေးရာမှ အသက်ရှင် သန်နေသူမရှိတော့ကြောင်း ပျော်ဘွယ်မီးသတ်ဌာနထံမှ သိရသည်။

စစ်ဆေးချက်များအရ အသက်ရှင်သူမရှိတော့သည့်အတွက် မြန်မာ-စင်္ကာပူနှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ငါးထပ်အမြင့်ရှိ ကမ္ဘောဇဘဏ် ပြိုကျသွားပြီး ဝန်ထမ်းအ‌ယောက် ၄၀ ခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။

မတ် ၂၉ ရက်နေ့တွင် ပိတ်မိနေသူများထဲမှ ဝန်ထမ်းတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် ဝန်ထမ်းအမျိုးသားမှာ ဆေးရုံပို့ ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ – ပျော်ဘွယ်မီးသတ်
#မန္တလေးတိုင်း #ပျော်ဘွယ် #ကမ္ဘောဇဘဏ် #KBZ #ပိတ်မိသူများ #အသက်ရှင်ကျန်သူမရှိ #Ayeyarwaddy_Times