
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးသုံး၍ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ မတ် ၃၀ ရက် ည ၇ နာရီ ၂၀ မိနစ်တွင် ကုလဘာရွာကို ဒရုန်းဖြင့် ဒရော့ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကုလဘာကျေးရွာထဲကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲတာ။ ဒီဘက်တိုက်ပွဲမရှိသေးဘူးလို့ ပြောတယ်။ နေအိမ်ဘေးက ပစ္စည်းပြင်ဆိုင်ကို မှန်သွားတာဆိုတော့ လူ ထိခိုက်မှုရှိ မရှိက မသိရသေးဘူး”ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဒရော့ဗုံးသီးများသည် ကုလဘာရွာအနောက် ဘက်ရှိ ဦးမောင်ဝင်း၏ နေအိမ်အနီး TV ပြင်ဆိုင်ခန်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်းမီဒီယာဖြစ်သည့် APM သတင်းဌာန ကလည်း ဖော်ပြထားသည်။
ငလျင်ဒဏ်ကြောင့် နိုင်ငံအနှံ့ပြည်သူများ ထိခိုက်သေဆုံးပြီး စိုးရိမ်ထိတ်လန့်နေချိန်တွင် စစ်ကောင်စီက စ်စရေးရှိနေသည့် နယ်မြေများကို လေကြောင်းနှင့်ဒရုန်းသုံး၍ တိုက်ခိုက်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာပြီး အမှတ် (၃၂) ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ ကန္ဒီးအနီး ကျောက်ဖြူမြို့နှင့် ခြောက်မိုင်အကွာ ကမ်းမွန်းတောင်အနီးထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာပြီး ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့က ကျောက်ဖြူ အမှတ် (၃၂၀ ရဲတပ်ရင်းအနီး ပြိုင်စေ့ကေ ကျေးရွာအနီးထိ တိုက်ပွဲရောက်ရှိပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-APM
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီ #ဒရုန်း #ဗုံးကြဲ #Ayeyarwaddy_Times