
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးမှုများကာ ကယ်ဆယ်ရေးလုပ်ငန်းများ အရေးတကြီး လိုအပ်နေချိန်တွင် စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်း ကယ်ဆယ်ရေးမလုပ်ရန်တားမြစ် လိုက်ကြောင်း သိရသည်။
စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်နေသည့်အဖွဲ့များကို အထူးစိစစ်ကြပ်မတ်ပြီးမှ ဝင်ခွင့်ပေးကာ ည ၁၀ နာရီနောက်ပိုင်းတွင် စစ်ရေး၊ လုံခြုံရေးအရဟုဆိုကာ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ပိတ်ပင်လိုက် ကြောင်း လူမှုကူညီရေးအဖွဲ့များနှင့် နီးစပ်သူထံမှ သိရသည်။
ငလျင်ကြောင့် ထိခိုက်သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း စစ်ကိုင်းတွင် သင်္ဂြိုဟ်ခွင့်မပေးဘဲ မန္တလေးသို့ ဆင်း၍ သင်္ဂြိုဟ်နေရကြောင်း သိရ သည်။
“ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ၊ စာရွက်စာတမ်းတွေပါ စိစစ်ပြီးမှ ဝင်ခွင့်ပေးတယ်။ နောက်ပြီး သင်္ဂြိုဟ်စက်က တပ်မ (၃၃) နားမှာဆိုတော့ စစ်ရေး လုံခြုံရေးအရဆိုပြီး လုံးဝသင်္ဂြိုဟ်ခွင့်မပေးတာ”ဟု မြေပြင်ကယ်ဆယ်ရေးလုပ်နေသည့် ကူညီသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ၈၀ ရာခိုင် နှုန်းခန့်ပျက်စီးသွားပြီး သကျသီလာချောင် သီလရှင်စာသင်တိုက် အဆောက်အဦပြိုကျပြီး သီလရှင်တိုက် အုပ်ဆရာကြီး ပျံလွန်တော် မူသွားကြောင်း သိရသည်။
သီလရှင်ကျောင်းဝန်းအတွင်းရှိ စစ်ဘေးရှောင်နေသည့် စစ်တပ်ထောက်ခံသူများ နှင့် တပ်မိသားစု ဝင်များသည်လည်း သေဆုံးမှုများရှိပြီး အဆိုပါနေရာကို စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) က လုံခြုံရေးယူပြီး ကယ်ဆယ်ရေးများလုပ်ဆောင်နေ ကာ အရပ်သားကယ်ဆယ်ရေးအဖွဲ့များကို ဝင်ခွင့်မပြုကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ငလျင်လှုပ်ခတ်ခြင်းမပြုမီ ရက်ပိုင်းအလိုက စစ်ကိုင်းနှင့် မင်းကွန်းတွင် စစ်ကြောင်းထိုးကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အများစုမှာ စစ်ဘေးရှောင်နေရပြီး စစ်ကိုင်းချောင်များမှ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် စုဝေးနေထိုင်နေရကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ၏ စစ်ကြောင်းထိုးဗုံးကြဲမှုကြောင့် စာဖြေသံဃာနှင့် သီလရှင်စုစုပေါင်း ၁၀၀၀ ကျော်မှာလည်း စစ်ကိုင်းနှင့်မင်းကွန်းရှိ အဆောက်အဦများကို စွန့်ခွာကာ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။
စစ်ဘေးနှင့် ဆက်သွယ်ရေးလိုင်းအခြေအနေများကြောင့် စစ်ကိုင်းတောင်ရိုးနှင့် ချောင်များရှိ ဘုရား စေတီ၊ အဆောက်အဦများနှင့် ထိခိုက်သေဆုံးသူများ အခြေအနေကို အတည်ပြု၍ မရနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ-စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်နေသည့် အဆောက်အဦများကို တွေ့ရစဉ်
#စစ်ကိုင်း #ကယ်ဆယ်ရေး #ည၁၀နာရီ #စစ်ကောင်စီ #ကန့်သတ် #Ayeyarwaddy_Times