ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၃၁ ရက်

တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊ ဇာဒီကျေး ရွာအုပ်စုအတွင်းကို ယနေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကားအစီးရေ အမြောက်အများ အသုံးပြုကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အများအပြားပါဝင်သည့် ကား ၁၅ စီး ခန့် သည် ယနေ့နံနက် နံနက် ၈ နာရီကျော်ခန့်က ပယရွာ ကို ဖြတ်ပြီး ဇာဒီ ရွာဘက်သို့ ဆင်းသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံက သိရသည်။

အဆိုပါစစ်ကား ၁၅စီး ခန့်အနက် တစ်စီးသည် စစ်ကောင်စီက အဓမ္မခေါ်ယူ ချောဆွဲလာသည့် အရပ်သား ကား တစ်စီးဖြစ်ပြီး ကား လေး စီးမှာ စစ်ကောင်စီတပ်သားများကို ပို့ဆောင်၍ ကံပေါက် ဘက်သို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။

“မနက် ၈ နာရီကျော်လောက်က ကံပေါက် ကနေပြီး စစ်ကား ဆယ့်ငါ့ စီးလောက် ဆင်းလာတယ်။ အင်အားက ၃၀၀ လောက်ရှိမယ်။ အဲဒီထဲမှာ စစ်ကောင်စီတပ်က ကံပေါက် ကအရပ်သားကား တစ်စီးကိုအချောဆွဲလာတယ်။ နာရီ ဝက်လောက်ကြာတော့ ချောဆွဲလာတဲ့ ကား အပါဝင် ကားလေးစီး ကစစ်သားတွေမပါပဲ အခွံလွတ်ပြန်တက်သွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထိုသို့ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ပယ ၊ ခွေးမဖော ၊ ဇာဒီ ၊ ခေါင်ပြန် ၊ဒိုက်တကော် ၊ ခရင်းချောင်း နှင့် နဘုလယ် ကျေးရွာများအပါဝင် အခြားဒေသခံများလည်း စိုးရိမ် ထိန့်လန့်နေကြောင်း သိရသည်။

ယင်း စစ်ကောင်စီ စစ်ကြောင်းသည် ရေဖြူမြို့နယ် ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ သို့ စစ်ကြောင်းထိုးမည် ဟု ကြားသိရကြောင်း နဘုလယ် ဒေသခံများ ကဆိုသည်။

“အခု ဝင်နေတဲ့ စစ်ကြောင်းက ထားဝယ် ရေနက်ဆိပ်ကမ်း ကို အဓိက ဦးတည်ပြီး စစ်ကြောင်း ထိုးမယ်ပေါ့။ အဲဒီ အနီးအနားမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်နတယ်” ဟု နဘုလယ် ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။

ထို့အပြင် စစ်ကြောင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဇာဒီကျေးရွာ အုပ်စုအတွင်းရွာများကို ဖုန်းလိုင်း ဖြတ်တောက်ထားပြီး ဇာဒီကျေးရွာ အုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်တိုင်း ဖုန်းလိုင်းများကို ဖြတ်တောက်လေ့ရှိကြောင်း သိရသည်။

“ကျွန်မ တို့ရွာဖက် မှာ ဖုန်းလိုင်း တွေဖြတ်ထားတယ်။ ဘယ်လိုမှအဆက်သွယ်လုပ်လို့မရဘူး”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်သည် မတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစည်း အဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ပြောဆိုခဲ့ပြီး နောက် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ အတွင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အားအများအပြားဖြင့် ဖြည့်တင်းလာပြီး စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

#ရေဖြူ #ဇာဒီကျေးရွာအုပ်စု #စစ်ကောင်စီတပ် #ကားအစီးရေ၁၅စီး #အင်အား၃၀၀ခန့် #စစ်ကြောင်းထိုးဝင်ရောက် #Ayeyarwaddy_Times