
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
လက်ရှိဘုရားပွဲတော်ကျင်းပနေသော ဟိန္ဒူဘုရား ကျောင်း များတွင် ဗုံတီးခြင်းနှင့် အသံချဲ့စက်ဖြင့် ဆူညံစွာတီးမှုခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က ယနေ့ မတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဟိန္ဒူဘာသာ ရေးဆိုင်ရာ ဆုံးမချက်အတိုင်း လူသားချင်း စာနာထောက်ထားစွာဖြင့် လတ်တလော ကာလတွင် ကျင်းပနေသော ဘုရားပွဲများတွင် ကျယ်လောင်စွာ ဗုံတီးခြင်းနှင့် အသံချဲ့စက်များဖြင့် ဆူညံစွာ တီးမှုတ်ခြင်းဖြင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟိန္ဒူပွဲကျင်းပရာတွင် ဘုရားကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း ကျင်းပချိန်ခြင်းမတူသော်လည်း ဖေဖော်ဝါရီနှင့် မတ်လပိုင်း၌ မီးနင်းပွဲများကျင်းပကြောင်း ဟိန္ဒူဘာသာရေးအသိပညာပေးသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်က ဖြစ်ပွားခဲ့သော ငလျင် သဘာ၀ဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး ပူဆွေး သောကရောက်နေရသည်။
ထို့ကြောင့် ဘုရားပွဲတော်များကို အကျဉ်းချုံးသာ ကျင်းပပြီး ဘုရားပွဲများကို တီးမှုတ်ခြင်းဖြင့် ကြီးမားစွာကျင်းပမည့်အစား လိုအပ်သောနေရာများ၌ လှူဒါန်း၍ လူသားချင်း ကူညီခြင်းဖြင့် အကောင်းဆုံးကုသိုလ်ယူရန် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းထားသည်။
လက်ရှိ ရန်ကုန်မြို့ ဒဂုံမြိုသစ်တောင်ပိုင်းနှင့် နေရာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် တရားပွဲ ကျင်းပရန်အတွက် အလှူခံရာတွင် အသံချဲ့စက်ဖြင့် ဆူညံစွာအလှူခံနေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဟိန္ဒူဘာသာရေး #ဘုရားပွဲတော် #တိတ်တဆိတ်ကျင်းပရန် #မေတ္တာရပ်ခံ #Ayeyarwaddy_Times