
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
နိုင်ငံတကာ မှ ရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့များအနက် မလေးရှားကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ယနေ့ မတ် ၃၁ ရက်နေ့တွင် စစ်ကိုင်းသို့ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်း များစတင် နေပြီဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံမှ စေလွှတ်လိုက်သည့် ကယ်ဆယ် ရေးအဖွဲ့ SMART Team မှာ အဖွဲ့ဝင် ၅၀ မှာထောက်ပံ့ကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်လာသည့် အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စီး နှင့်အတူ ရောက်ရှိလာပြီး နောက် မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို နှစ်ပတ် ကြာလုပ် ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ဗီယက်နမ် နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်လည်း ယမန်နေ့ မတ် ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ မတ် ၃၁ နံနက်အစောပိုင်းတွင် နေပြည်တော်သို့ရောက်ရှိကာ ထိုမှတစ်ဆင့် မန္တလေးသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ဗီယက်နမ် သတင်းဌာနများထံမှ သိရသည်။
ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကို လိုအပ် နေသော်လည်း စစ်ကောင်စီသည် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့များကို ဝင်ရောက်ခွင့် မပြုခဲ့ဘဲ အလှူငွေသာလက်ခံခဲ့ကြောင်း ထိုင်ဝမ်မီဒီယာ TVNS Newsကဖော်ပြခဲ့သည်။
စစ်ကောင်စီ၏ ဝင်ခွင့်မပြုခြင်းကြောင့် အသင့်ပြင်ဆင် စောင့်ဆိုင်းနေသည့် ဆေးပညာရှင်များပါသည့် ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၆ ဦးနှင့် အဖွဲ့မှာ ကယ်ဆယ်ရေးအတွက် အသင့်ပြင်ဆင် စောင့်ဆိုင်းခြင်းကို ဖျက်သိမ်းခဲ့ပြီဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် တရုတ်၊ ရုရှား၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များမှာ မန္တလေး နှင့် နေပြည်တော်တွင် အဓိက ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး စစ်ကိုင်းတိုင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း လူအင်အားများ ထပ်မံလိုအပ် နေကြောင်း ဒေသခံများထံမှ သိရသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦများစွာ ပြိုကျကာ ပိတ်မိသူ များစွာရှိခဲ့ပြီး ရေ နှင့် အစားအသောက်ပြတ်လပ်ခြင်းကြောင့် ၃ ရက်ကျော်လာခဲ့ပါက အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ ရာခိုင်နှုန်း နည်းပါးလာနိုင်ကြောင်း ဧရာ၀တီတိုင်းမ်၏ ပင်တိုင် ကျန်းမာရေးဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက ဆိုထားသည်။
ဓာတ်ပုံ – အင်တာနက်
#မလေးရှား #ဗီယက်နမ် #ကယ်ဆယ်ရေး #စစ်ကိုင်းငလျင် #Ayeyarwaddy_Times