ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

နှစ်ပေါင်းများစွာ ပရိတ်သတ်အားပေးနေသော အလွမ်းကဖီး တေးသီချင်းသီဆိုသူပိုင်ရှင် နိုင်ငံကျော် အဆိုတော်ဂျေညီညီ အသက် (၇၂) နှစ်သည် ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်းသိရသည်။

အဆိုတော်ဂျေညီညီကွယ်လွန်သွားကြောင်းကို J မိသားစုဝင်တစ်ဦးဖြစ်သူ ဂျေညီမလေး၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားခြင်းဖြစ်သည်။

အဆိုတော် ဂျေညီညီကို ၁၉၅၃ ခုနှစ်တွင် ဝါးခယ်မမြို့တွင်မွေးဖွားခဲ့ပြီး အစ်ကို ဂျေမောင်မောင်၊ ညီမ ဂျေညီမလေးနှင့် တူမသီရိဂျေမောင်မောင် တို့သည် ဂီတလောက၏ နာမည်ကြီး ဂျေမိသားစုဝင် အဆိုတော်များဖြစ်သည်။

ဂျေညီညီသီချင်းများသည် ယနေ့ထိတိုင်အသက်ဝင်နေဆဲဖြစ်ပြီး “အလွမ်းကဖီး” “ပလက်ဖောင်းရှိုး” “စွဲနေပြီ” ” အရိပ်အလေး ” ” ဒီမိုး”သီချင်းများအပါအဝင် တေးသီချင်းပေါင်းများစွာသီဆိုခဲ့သူဖြစ်သည်။

အဆိုတော်ဂျေညီညီသည် မသန်စွမ်းသူများအရေးဆောင် ရွက်သော ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တွင် အလုပ် အမှုဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။

ဂျေညီညီ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် မသန်စွမ်း သားတစ်ဦးကျန်ရစ်ခဲ့ပြီး သူ၏ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်သည့် “စွဲနေပြီ” နာမည်ဖြင့် မုန့်ဟင်းခါးဆိုင်ဖွင့်လှစ်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဂျေညီညီကွယ်လွန် #အလွမ်းကဖေး #ပလက်ဖောင်းရှိုး #ဒီမိုး #Ayeyarwaddy_Times