ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၃၀ ရက်)

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောမှာ ဖြစ်ပေါ်လာတဲ့ ၇ ဒသမ ၇ ရစ်ချက်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်ကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် သောကြာနေ့ နေ့လယ် ၁၂နာရီ ၅၀မိနစ်က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ်များလည်း အကြိမ်ပေါင်းများစွာ ဆက်တိုက်လှုပ်ခတ်လျက်ရှိနေပါတယ်။

အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံကို အ‌ရေးပေါ်အခြေအနေကြေညာထားရပြီး ငလျင် သဘာဝဘေးဆိုးကြီးမှ ထိခိုက်ပျက်စီးမှုများကို လက်ရှိအချိန်အထိ ကူညီကယ်တင်နေကြဆဲ ဖြစ်ပါ တယ်။

လက်ရှိအချိန်ထိ ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းအတွင်း သေဆုံးသူ ၁၇၉၀ ဦး၊ နေပြည်တော်တွင် ၄၀၂ ဦး၊ ရှမ်းတောင်တွင် ၇၉ ဦး၊ စစ်ကိုင်းတွင် ၃၁၄ ဦး၊ ပဲခူးတိုင်းမှာ ၃၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်တွင်း သတင်းဌာန တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပြီဆိုပါက ထိခိုက်သူတွေကို အမြန်ဆုံးကယ်တင်နိုင်မယ့် စနစ်တစ်ခု ရှိနေရပါမယ်။

အဲ့ဒီ ဒီစနစ်မှာ သဘာဝဘေးအန္တရာယ်ထိခိုက်မှုကယ်ဆယ်ရေးစီမံကိန်းများ ကြိုတင်ချမှတ်ထားခြင်း၊ ကယ်ဆယ်ရေးအဆင်သင့် စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း၊ ဇာတ်တိုက်ပြင်ဆင်လေ့ကျင့်ထား ခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်နေစဉ်တွင် ကူညီကယ်ဆယ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါပြီးခါကစ ထိခိုက်ပျက်စီးမှုများအကြား အမြန်ရှာဖွေကယ်တင်ခြင်း၊ အသက်ကယ်တင်နိုင် သေးတဲ့ အရေးပေါ်ကာလအချိန်မှာ ပိုက်စိပ်တိုက်ရှာဖွေကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဆိုတဲ့ အဆင့်တွေ များစွာပါဝင်ပါတယ်။

အဲ့ဒီအရာတွေကို ပြည်သူအစိုးရလက်ထက်မှာတော့ ကောင်းမွန်တဲ့စနစ်တွေနဲ့အတူ အကောင်အထည် ဖော်ထားနိုင်ခဲ့ပါတယ်။

#ငလျင်‌ကြောင့်ချက်ချင်းကြုံရမည့်အန္တရာယ်များ

ငလျင်လှုပ်‌နေစဉ် အဆောက်အအုံပြိုကျခြင်း၊ ပြိုလဲကျ‌‌လာတဲ့ ပစ္စည်းတွေအောက်ပိနေခြင်း တို့ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးနိုင်ပါတယ်။

ခိုင်ခံ့မှုအားနည်းတဲ့ အဆောက်အအုံတွေ၊ ရှေးဟောင်းအဆောက်အအုံအိုတွေ၊ ငလျင်ဒဏ်တွက်ဆမှု မပါဘဲ ဆောက်ထားတဲ့ အထပ်မြင့်အဆောက်အအုံတွေ ပြိုကျပြီးလူအများသေကြေ ပျက်စီးရ ပါတယ်။

အရိုးကျိုးခြင်း၊ ဦးခေါင်းထိခိုက်ခြင်း၊ လေးပင်သောအရာဝတ္ထုများ ပိမိခြင်း၊ ချွန်ထက်ပစ္စည်းတွေ ထိုးဖောက်ဝင်ခြင်း၊ အရေပြားပွန်းပဲ့ခြင်း၊ ပြတ်ရှခြင်း ၊ သွေးထွက်လွန်ခြင်းတွေဟာ အကြုံရအများဆုံး ထိခိုက်ဒဏ်ရာတွေပဲဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးပြီးချင်း မြေပြိုခြင်း၊ မီးလောင်ခြင်း၊ ယာဥ်အန္တရာယ်ဖြစ်ခြင်း၊ ရေကြီးရေလျံဖြစ်ခြင်း အပါအဝင်နောက်ဆက်တွဲ အန္တရာယ်တွေကိုလည်း ကြုံရနိုင်ပါတယ်။

ပြင်းထန်ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ တိုက်ပြိုအမှုန်အမွှားများရှူမိရာမှအသက်ရှူကြပ်ခြင်း ၊ ယဉ်မတော်တဆမှု ၊ အသားကြေခြင်း ၊ ရေဓါတ်ခမ်းခြောက်ခြင်း ၊ အချိန်ကြာအာဟာရ ပြတ်တောက်ငတ်မွတ်ခြင်း၊ သတိလစ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း အများဆုံး ကြုံတွေ့ကြရမှာပဲ ဖြစ်ပါတယ်။

#ငလျင်ဒဏ်နောက်ဆက်တွဲကျန်းမာရေးပြဿနာများ

ထိခိုက်ဒဏ်ရာတွေကို အရေးပေါ်ကုသခြင်း မရနိုင်တဲ့အခါ အနာပိုးဝင်ခြင်း၊ ပြည်တည်ခြင်း၊ အနာရင်းခြင်း၊ အနာမကျက်ခြင်း၊ သွေးအတွင်းပိုးပျံ့နှံ့ပြီး (Sepsis) သွေးဆိပ်တက်ခြင်း တို့ကို ကြုံတွေ့လာရတတ်ပါတယ်။ မေးခိုင်ပိုးဝင်ရန် သိပ်လွယ်ကူတဲ့ အခြေအနေကြုံရခြင်းကြောင့် မေးခိုင်ကာကွယ်ဆေး မဖြစ်မနေထိုးထားရပါမယ်။

ထိခိုက်ဒဏ်ရာတွေကို စင်ကြယ်အောင်‌ဆေးကြောရပါမယ်။ ဖုံစ၊ သတ္တုစ၊ ဘိလပ်မြေအစိုင်အခဲ၊ သစ်သားစ၊ သံစ စသည်ဖြင့် ဝင်ရောက်နေသော အညစ်အကြေးများကိုဖယ်ရှားရပါမယ်။ တင်ချာအိုင်အိုဒင်းဆေးရည် (septidine, betadine အစရှိသဖြင့်) သုံးပြီးတော့ အနာ‌ ‌ဆေးထည့်ခြင်း ပြုလုပ်ရပါမယ်။

ငလျင်အပြီး ရေဖြန့်ဝေမှုစနစ် ပျက်စီးသွားတတ်သလို လျှပ်စစ်မီးပြတ်တောက်ခြင်းသာမက စားနပ်ရိက္ခာ မဖူလုံခြင်း တွေပါ ကြုံတွေ့‌နေကြပါတယ်။

နေစရာအိမ်မကျန်တော့၍ လမ်းမများမှာပင် နေထိုင် အိပ်စက်ကြရပါတယ်။ သန့်ရှင်း‌သော အိမ်သာ အသုံးပြုနိုင်ရေးဟာလည်း စိန်ခေါ်မှု အခက်အခဲဖြစ်နေရပါတယ်။

သန့်ရှင်းသော သောက်ရေရရှိရေးကိုလည်းဦးစားပေးလုပ်ဆောင်ရပါမယ်။ ဝမ်း ပျက် ဝမ်းလျှောနှင့် ကာလဝမ်းရောဂါတွေ ဖြစ်တတ်တာကြောင့် ကျန်းမာရေးအသိဖြင့်ရင်ဆိုင်ကျော်ဖြတ်ရပါမယ်။

#လက်ရှိကယ်ဆယ်ရေးအခြေအနေ

ငလျင်ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းမြို့ မန္တလေးမြို့ အပါအဝင် မြိုရွာတွေ ပြိုပျက်ပြီး အပျက်အစီး တွေကြားမှာ လူများ ပိနေဆဲဖြစ်တာကြောင့် ကိုယ်ထူ ကိုယ်ထစနစ်ကို အားကိုးပြီး ကယ်ဆယ်ရေး များလုပ်နေကြရပါတယ်။

ပြိုပျက်သွားတဲ့ မြို့တွေမှာ ဆေးဝါးပစ္စည်းလုံ‌လောက်မရှိပါဘူး။ လူငယ်လူရွယ်အများစုဟာလည်း စစ်ကာင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်မှာမရှိကြတော့ပါဘူး။ ရှေ့ကနေထွက်ပြီး အားတက်သရော ကူညီပေးမယ့် လူငယ်များရှားပါးနေတာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ကြန့်ကြာ စေပါတယ်။

ဆေးရုံဆေးခန်းများပိတ်သိမ်းဖမ်းဆီးခြင်း၊ အကြမ်းမဖတ်အာဏာဖီဆန်သူ CDM ကျန်းမာရေး ဝန်ထမ်းများကိုဖမ်းဆီးနှိပ် စက်ခြင်းကြောင့်လည်း အရေးပေါ်အခြေအနေတွေမှာ ကုသနိုင်ပေးနိုင်မယ့် ပညာရှင်များ ရှားပါးလျက်ရှိ‌နေ ပါတယ်။

တံတားပြိုခြင်း၊ လမ်းပြိုခြင်း၊ မြေပြိုခြင်း နှင့် လမ်းပန်းဆက်သွယ်ရေးပျက်စီးခြင်းတို့ကြောင့်လည်း ငလျင်ပြင်းထန်ဒေသတွေကို လျင်မြန်စွာ သွားရောက်ကူညီပေးနိုင်ဖို့ရာခက်ခဲနေပါတယ်။

နိုင်ငံတကာမှ ဝင်ရောက်လာသောအကူအညီတွေကိုလည်း စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် တွင်သာ အဓိကခေါ်ယူအသုံးပြုနေခြင်းကြောင့် အရပ်သားပြည်သူများမှာ ယခုတိုင်အကူ အညီမဲ့ဖြစ်ကြရပါတယ်။

တိုက်ပြိုခြင်းကြောင့် အသက်ရှင်လျက် ပိမိပိတ်ဆို့နေသော နေရာများစွာကျန်ရှိနေပါတယ်။ လူအားနဲ့ ကယ်ဆယ်လို့မရနိုင်တာကြောင့် ဝန်ချီစက်တွေ လိုအပ်လျက်ရှိနေပါတယ်။

ရေ နဲ့ အစားအသောက်ပြတ်လပ်ခြင်းကြောင့် ၃ ရက်ကျော်လာခဲ့ရင် အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ ရာခိုင်နှုန်း နည်းပါးလာမယ် ဆိုတာကိုလည်း အားလုံး သတိချပ်စေချင်ပါတယ်။

#အများပြည်သူကိုအကြံပြုချက်များ

စစ်ဘေးကြောင့် ဆေးဝါးပစ္စည်းရှားပါးနေချိန်မှာ သဘာဝဘေးအန္တရာယ်အတွက် ဆေးဝါးပစ္စည်း လုံလောက်မှာ မဟုတ်ပါဘူး။ ငလျင်ဒဏ်သင့်ဒေသတွေကို ဆေးဝါးပစ္စည်းတွေ လှူဒါန်းကြဖို့ အကြံပြုပါတယ်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ငလျင်အပြိုအပျက်များကြားကနေ ပိမိနေသူတွေကို အမြန်ဆုံးကယ်တင်နိုင်ဖို့ အားထုတ်ရာမှာ မိမိကိုယ်တိုင်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေနေမျိုးကိုလည်း ရှောင်ရှားကြဖို့ တိုက်တွန်းပါတယ်။

ပူပြင်းတဲ့ နွေရာသီမှာ ရေ နှင့် ဓာတ်ဆားများ မှီဝဲကြဖို့လည်း သတိပေးပါရစေ။

ရေနှင့်အစားအသောက် သန့်ရှင်းစေရန် နောက်ဆက်တွဲပြဿနာတွေမဖြစ်ကြစေဖို့အတွက် ကျန်းမာရေးကို အလေးပေးပြီး ချက်ပြုတ်နိုင်ကြ‌စေဖို့ အစာအာဟာရ ကိုင်တွယ်ချက်ပြုတ်နေကြသူတွေကို လေးလေး စားစားအကြုံပြုပါရစေ။

ဆေးကုသပေးနေသူတွေအနေနဲ့ Triage စနစ်ဖြင့် လူနာအဆင့်လိုက်ခွဲခြားပြီး များပြားလှတဲ့ လူနာ တွေကို ပိုမိုစနစ်တကျ‌ ကယ်တင်နိုင်ဖို့ တိုက်တွန်းလိုပါတယ်။

ဆေးရုံဆေးခန်းတွေလည်း လုံလောက်ခြင်းမရှိနိုင်တာကြောင့် လူနာနားနေစရာ‌စုရပ်များ၊ ယာယီ ဆေးရုံများကို လူမူကူညီရေးအဖွဲ့တွေနဲ့ ကူညီဖန်တီးနိုင်ကြောင်း အကြံပြုပါရစေ။

မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အများသူငါပြည်သူတွေရဲ့ ရုပ်အလောင်းတွေ မီးသင်္ဂြိုလ်နိုင်ရေး၊ မြေကျရေး၊ နာရေးကိစ္စများလည်း ချန်လှပ်ထားမရတာကြောင့် တက်အားသရွေ့ အချင်းချင်းကူညီကြရမှာပဲ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်မှရှင်သန်ကျန်ရစ်ခဲ့သူများ၊ မိသားစုဝင်ဆုံးရှုံးထားသူများ၊ စီးပွားအိုးအိမ်ပျက်စီး ထားကြသူများအားလုံးမှာ စိတ်ဒဏ်ရာကိုယ်စီရှိကြတာကြောင့် ရှေ့ဆက်အသက်ရှင်ကြဖို့ အချင်းချင်း ဖေမကူညီနိုင်ကြပါစေ။ မေတ္တာထားဆက်ဆံနိုင်ကြပါစေ။

အဖြစ်ဆိုးများမှ ကျော်လွှားပြီး အမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြစေဖို့ ဆုတောင်းလိုက်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကုသမှုများနှင့် အခြားကုသမှုများအတွက် အွန်းလိုင်း အခမဲ့ ဆေးကုခန်း “တယ်လီကျန်းမာ” မှာ ပြသအကူအညီ တောင်းနိုင်ပြီး Ministry of Humanitarian Affairs & Disaster Management, National Unity Government ရဲ့ ထုတ်ပြန် အသိပေးချက်တွေကိုလည်း အချိန်နဲ့တပြေးညီဖတ်ရှုကြဖို့ တိုက်တွန်းပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ငလျင်သဘာဝ‌ဘေးကယ်ဆယ်ရေး #ကျန်းမာရေးအသိပညာဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)