ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

အင်အား ၇ ဒသမ ၇ ရှိ ငလျင်ကြီးဆက်တိုက်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့တွင်းရှိ ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများ သီလရှင်တိုက်များ၊ လူနေအဆောက်အဦများ ပြိုကျပျက်စီးပြီး သေဆုံးသူများနှင့် ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီး ယနေ့ မတ် ၃၀ ရက်နေ့အထိ စစ်ကိုင်းမြို့အတွင်း ပြိုကျပျက်စီးနေသည့် အဆောက် အဦများအောက်မှ သေဆုံးသူများနှင့် အသက်ရှင်လျက် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“မန္တလေးနဲ့ နီးတယ်ဆိုပေမယ့် သင်္ချိုင်းက တပ်မ ၃၃ ဘေးမှာဆိုတော့ သွားသင်္ဂြိုဟ်လို့မရဘူး။ စစ်တပ်က လမ်းကို ဘူဒိုဇာနဲ့ကုပ်ပြီး ဖျက်ထားတာ။ ကူညီကယ်ဆယ်ရေးလုပ်တဲ့သူတွေတော့ ရှိပါတယ်။ အင်အားကမနိုင်ဘူး။ အများစုက စစ်ရှောင်နေရလို့ မင်းကွန်းဘက်အခြေအနေဆို ဘာမှမသိရသေးဘူး။ မြို့ထဲမှာအပုပ်နံ့တွေက စထွက်နေပြီ”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကိုင်းရှိ ဆွမ်းဦးပုညရှင် စေတီတစ်ဝိုက်ရှိ ဘုရားစေတီအားလုံးပြိုကျကာ ဥမင်သုံးဆယ်နှင့် တောင်ပေါ်သီလရှင်ကျောင်းတလျှောက်၊ မရှိခဏဘုရား၊ လေးကျွန်း‌မြေအုတ်ကျောင်း၊ စေတီးလှမှ တစ်ဆင့် မင်းလမ်းရပ်ကွက်အားလုံး ပြိုကျပျက်စီးသွားပြီး ကမ်းနားလမ်း ရေအရင်းမြစ်ရုံးမှတစ်ဆင့် စစ်ကိုင်းတံတားကြီးပါ ကျိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်သည့်အချိန်တွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုချိန်ဖြစ်၍ ဗလီအများစုပြိုကျကာ သေဆုံးထိခိုက်မှုများပြီး လက်ရှိအထိ လူ ၂၀၀ ကျော်ခန့် သေဆုံးနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုထားသည်။

သက်တမ်းရင့်အဆောက်အဦးအများစု ပြိုကျပျက်စီးပြီး ပိတ်မိနေသည့်အထဲတွင် မူကြိုကျောင်း၊ သီလရှင် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ အများစုဖြစ်ပြီး အုတ်ကျောင်းရှိ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းမှ ကလေးငယ်အများစု ပိတ်မိနေဆဲဖြစ်ပြီး ကယ်တင်ရန် လူအင် အားမလုံလောက်ကြောင်း သိရသည်။

ယနေ့ မတ် ၃၀ ရက်နေ့တွင် မန္တလေး၊ စစ်ကိုင်းနှင့် မုံရွာတို့တွင် အင်အား ရစ်ချက်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကာ စစ်ကိုင်းတောင်ရိုးရှိ သကျမိတာသီလရှင် စာသင်တိုက် ပြိုကျပြီး စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

မြို့အတွင်း သေဆုံးသူများထံမှ အပုပ်နံ့များစတင်ထွက်နေပြီး ဆွဲထုတ်ယူရသည့်အလောင်းများ၏ ခန္ဓာကိုယ်အပိုင်းအစများ အဆောက်အဦများအောက်တွင် ညပ်ကျန်နေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပုံစာ- စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်နေသည့် အဆောက်အဦများကို တွေ့ရစဉ်

#စစ်ကိုင်း #ကယ်ဆယ်သူ #မလုံလောက် #မူကြို #သီလရှငိ #စာသင်တိုက် #ပိတ်မိနေ #Ayeyarwaddy_Times