ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

နေပြည်တော်ရှိ စစ်ရုံးနှင့် လွှတ်တော်အဆောက်အဦများအပါအဝင် ဝန်ကြီးဌာန ရုံးအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးပြီးနောက် ဒုစစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးများ တာလပတ်ကာ၍ အစည်းအဝေးပြုလုပ်ခဲ့ရကြောင်း သိရသည်။

အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ မတ်လ ၃၀ ရက်နေ့က ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးကို အခန်းကျဉ်းတစ်ခု၌ ကျင်းပပြုလုပ်ခဲ့ရကြောင်းသိရသည်။

“စစ်ရုံးချုပ်ရဲ့ နေရာ ၅၀ ရာခိုင်နှုန်းက မြေကြီးပေါ်အိပ် မြေကြီးပေါ်စားရတဲ့ အခြေအနေကို ရောက်သွားပြီဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေးအတွက် တပ်ချုပ်အဖွဲ့က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းကို ဦးစီးနေပြီး ဒုချုပ်စိုးဝင်းနဲ့ ကစထမှူး၊ တိုင်းမှူးတွေက နေပြည် တော်နယ်မြေကို တာဝန်ယူထားတယ်”ဟု နေပြည် တော်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးခန်းမဆောင်တွင် အထူးအစည်းအဝေးကို ကျင်းပသည်ဟု ဆိုသော်လည်း အဆိုပါဧည့်ခန်းမဆောင်များမှာ ပြိုကျပျက်စီးခဲ့သည့်အတွက် အခန်းကျဉ်းတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ် ၂၉ ရက်နေ့ကလည်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို တာလပတ်ကာထားသည့် အဆောက်အဦတစ်ခုအောက်တွင် ပြုလုပ်ခဲ့သော်လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်ဟု ဆိုထားသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ် အစည်း အဝေးဗီဒီယိုကွန်ဖရန့်ကို ပြိုကျနေသည့်အဆောက် အဦတစ်ခု၏ အနီးနားတွင် ခုံတစ်လုံးချကာ အစည်းအဝေးတက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦများနှင့် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ သမ္မတ‌အိမ်တော်အပါအဝင် စစ်ခေါင်းဆောင်ဟောင်းများ၏ နေအိမ်များပါ ပျက်စီးထိခိုက်မှု ရှိခဲ့သည်။

အဆိုပါအပျက်အစီးများကို နေပြည်တော်ရှိ စစ်အင်ဂျင်နီယာတပ်ဖွဲ့များသာမက ရန်ကုန်ရှိကျွမ်းကျင်ဝန်ထမ်းများကိုပါ ခေါ်ယူပြီး စစ်ကောင်စီက အလျင် အမြန်ပြင်ဆင်ခိုင်းထားကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေသို့ တရုတ်နှင့် အိန္ဒိယမှ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

ပုံစာ-နေပြည်တော်တွင် အစည်းအဝေးများပြုလုပ်နေသည့် ဒုစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ
#နေပြည်တော် #စစ်ရုံးချုပ် #ပြိုကျ #စစ်ခေါင်းဆောင်အဖွဲ့ #လမ်းဘေး #တာလပတ်ကာ #အစည်း အဝေးလုပ် #Ayeyarwaddy_Times