
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း လူသားချင်းစာနာမှုအကူညီများ ပေးနိုင်ရန်အတွက် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက်တစ်စောင်ကို ယနေ့ မတ် ၂၉ ရက်နေ့ညတွင် ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ရပ်နားပေးသည့်အချိန်အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များအား၏ လိုအပ်သည့် ကူညီမှုများ ပေးကြရန်လည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းမှာကြားထားသည်။
“ ပြည်သူအချင်းချင်း စောင့်ရှောက်ရမယ့်အချိန်ပါပဲ။ ငလျင်ဒဏ်သင့် ပြည်သူတွေကို တတ်နိုင်တာ ကူညီစောင့်ရှောက်ပေးကြဖို့ နှိုးဆော်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် နေပြည်တော်၊မန္တလေး၊စစ်ကိုင်း၊ ရှမ်းပြည်နှင့် ပဲခူးတိုင်းတို့တွင် ထိခိုက်ဆုံးရှုံးမှုများပြီး သေဆုံးသူထောင်နှင့်ချီရှိခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်သည့်နေ့မှာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO တို့အနေဖြင့် နယ်မြေတွင်းရှိ တော်လျန်ရေးအဖွဲ့စည်းများနှင့် ညှိနှိုင်း၍ ပြည်သူလူထုကို ကူညီရန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြင်းထန်ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်း စစ်ခေါင်းဆောင်က နိုင်ငံတကာ အကူညီများကိုတောင်းခံခဲ့ပြီး နေပြည်တော်နယ်မြေအတွင်း ကြည့်ရှူ့ခဲ့သည်။ ထို့နောက် မတ် ၂၉ ရက်တွင် မန္တလေးသို့သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် ငလျင်ဒဏ်ခံစားရသည့် စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသည့်အတွက် ကူညီကယ်ဆယ်ရေး လုပ်ပေးသူနည်းကြောင်းနှင့် ငလျင်ဖြစ်ပြီး နှစ်ရက်အတွင်း သေဆုံးအလောင်း ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
မတ် ၂၉ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၃၉ ဦးရှိကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
#ငလျင်ဒဏ်သင့်နေရာများ #ဆက်စပ်ခရိုင်များ #ခုခံစစ် ထိုးစစ် #၂ပတ်ရပ်ထားရန် #NUG #အစိုးရ #ကာကွယ်ရေးဝန်ကြီးဌာန #ဦးရည်မွန် #ညွှန်ကြားချက်ထုတ်ပြန် #Ayeyarwaddy_Times