
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
အင်အားပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ ခြောက်သောင်းကျော် မီးလောင်ပျက်စီးသွားကြောင်း စစ်ကောင်စီက မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် မန္တလေးတက္ကသိုလ်တွင် မီးလောင်ခဲ့ရာ အမှတ်ပေးစစ်ဆေးနေသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးထဲပါသွားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်မှ စာဖြေလွှာများ မီးထဲပါသွားခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ကို အသိပေးခြင်းမရှိသေးပါ။
ငလျင်ကြောင့် အဆောက်အဦများပြိုကျပျက်စီးသဖြင့် ရဟန်းသံဃာတော်များ ပျံလွန်တော်မူသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ခေတ္တဆိုင်းငံထားသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းအရှေ့မြောက်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့ရှိ ပြည်သူများဆေးရုံများတွင် ဆေးကုသခံယူသူများ အရေးပေါ်သွေးလိုအပ်မှုများရှိပါသဖြင့် သွေးလှူရှင်များသွားရောက်လှူဒါန်းကြရန်နှိုးဆော်မှုများ ပြုလုပ်နေကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်ကြောင့်သေဆုံးသူ ၁၆၄၄ ဦး၊ ပျောက်ဆုံးသူ ၁၃၉ ဦး နှင့် ဒဏ်ရာရသူ ၃၄၀၈ ဦး ရှိကြောင်း မတ်၂၉ ရက်ညတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်မှုဗဟိုချက်အဖြစ်သည့် စစ်ကိုင်းနှင့် မန္တလေးမြို့တွင် အဆောက်အဦးပြိုကျမှု၊ နေအိမ်ပြိုကျမှုကြားထဲပျောက်ဆုံးသူများရှိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက် မတ်လ ၂၈ ရက်နေ့က အင်အားအလွန်ပြင်းထန်သော ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့် ငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်ငယ်များ ယနေ့ထိ ထပ်မံလှုပ်ခတ်နေကြောင်း သိရသည်။
#ငလျင်ဒဏ်ထိခိုက်သေဆုံး
#သွေးလိုအပ်
#ကယ်ဆယ်ရေး
#တက္ကသိုလ်ဝင်တန်းစားမေးပွဲအဖြေလွှာမီးလောင်
#Ayeyarwaddy_Times
ဓာတ်ပုံ – MFS , လူမှူကွန်ရက်