
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့တစ်မြို့လုံးနီးပါး ပျက်စီးပြိုကျမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူအများအပြားရှိကာ လက်ရှိတွင် ၁၈၆ ဦးကို သဂြိုဟ်ထားပြီး ဖြစ်ကြောင်း မြေပြင်အဖွဲ့များထံက သိရသည်။
မတ် ၂၈ ရက်နေ့က ၇.၇ ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့အတွင်း ပြိုကျပျက်စီးမှုများပြားကာ လူထိခိုက်သေဆုံးမှုများရှိပြီး ရှာဖွေကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေကြောင်း သိရသည်။
“အိမ်တွေ၊ တိုက်တွေပြိုကျကုန်တာ။ မြို့တစ်ခုလုံးနီးပါးပဲ။ ကယ်ဆယ်ရေးတွေ မလုံလောက်တော့ ကာ်ဆယ်ရေးလုပ်ငန်း မစနိုင်သေးဘူး။ သေဆုံးသူနဲ့ ထိခိုက်သူတွေ ဘယ်လောက်ရှိတယ်ဆိုတာလည်း မသိနိုင်ဘူးဖြစ်နေတာ။ ရှာလို့တွေ့တဲ့ အလောင်းတွေ သဂြိုဟ်ရတာပဲမနည်းဘူး။ မတ် ၂၉ ရက်နေ့ မနက်ထိ ရှာတွေ့တဲ့အလောင်း ၁၈၆ လောင်းကို သဂြိုဟ်ပြီးစီးတယ်”ဟု စစ်ကိုင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတွင်း၌ ငလျင်ကြောင့် ဘုရားစေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ကျောင်း၊ နေအိမ်အဆောက်အဦများ အားလုံးနီးပါး ပြိုကျပျက်စီးခဲ့ပြီး မြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကလေးနှင့်ဆရာများ သေဆုံးခဲ့ပြီး လေးကျွန်းမြေအုတ်ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းတက်နေသည့် ကလေးငယ်အချို့တဝက်သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတံတား အက်ကွဲမှုများကြောင့် ယာဉ်သွားလာမရဘဲ ဇက်ရေယာဥ်များဖြင့်သာ သွားလာနေရကြောင်း သိရသည်။
“မန္တလေးက တစ်မြို့လုံးပျက်စီးထားတာ။ စစ်ကိုင်းဘက်ကိုလည်း မလာနိုင်ဘူး။ ကယ်ဆယ်ရေးတွေ မလာနိုင်တော့ အပျက်အစီးတွေကိုပဲ ထိုင်ကြည့်နေရတယ်။ မြို့ပေါ်က အိမ်တွေအကုန်နီးပါးပြိုတယ်။ ဗလီတွေလည်းပြိုတယ်။အောက်မှာ ပိနေတဲ့လူတွေ ရှိတယ်ဗျာ။ လက်လှမ်းမီသလောက် သေဆုံးသူက ၆၀၀ ကျော်တယ်။ ကယ်ဆယ်ရေးတွေလည်းမရှိတော့ သေချာမပြောနိုင်ဘူးဖြစ်နေတာ။ ဆက်သွယ်ရေးတွေလည်း မရဘူးဗျ။ ဒါခုပထမဆုံး လိုင်းရတာ။ ကူညီကြပါဦးဗျာ”ဟု စစ်ကိုင်းမြို့ပေါ်နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦး နှင့် ပျောက်ဆုံး ၁၃၉ ဦးရှိပြီး အသေးစိတ်စာရင်းများကောက်ယူနေကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
#စစ်ကိုင်း #ငလျင် #ပြိုကျ #ပျက်စီး #သေဆုံးမှုရှိ
#Ayeyarwaddy_Times