ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

အင်အားပြင်းငလျင်လှုတ်ခတ်မှုကြာင့် ငလျင်ဒဏ်သင့်ဒေသများတွင် ထိရောက်သည့် တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ထောက်ပံ့‌ရေးပစ္စည်း ပို့ဆောင်ခွင့်များနှင့် နည်းပညာရှင်များ သွားရောက်ခွင့်ကို အချိန်နှင့်တပြေးညီ ခွင့်ပြုရန်လိုအပ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့-MSF က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့်ပြည်သူများကို ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများရှိ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းများမှ အသင့်စောင့်ဆိုင်းနေပြီး စစ်ကောင်စီ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည်ဟုလည်း အဖွဲ့ကထုတ်ပြန်ထားသည်။

“လက်ရှိအချိန်မှာ ကျွန်မတို့အတွက်အဓိကဦးစားပေးကတော့ ထိခိုက်မှုအခြေအနေကို ဆန်းစစ်မယ့်အဖွဲ့နဲ့ အရေးပါ်ထိခိုက်ဒဏ်ရာကုသမှုအဖွဲ့ကို စေလွှတ်နိုင်ဖို့ပါ။ ဒါအတွက် သွားရောက်ခွင့်ရဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ချက်ချင်းလိုအပ်နေသူတွေအတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ တကယ့်ကို အရေးကြီးပါတယ်” ဟု MSFအဖွဲ့၏ မစ်ရှင်အဖွဲ့ခေါင်းဆောင် Federica Franco က ပြောဆိုထားသည်။

ငလျင်ပြင်းအားကြောင့် ထိခိုက်ဒဏ်ရာရသူများ နှင့် အသက်ကယ်ကျန်းမာရေးအကူအညီ ချက်ချင်းလိုအပ်နေသူများအတွက် နယ်စည်းမထားဆရာဝန်များအဖွဲ့မှ စိုးရိမ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီခြင်း နှင့် သန့်ရှင်းသည့် ရေမရရှိမှု ကြောင့် ရေမှတဆင့်ဖြစ်ပွားတက်သည့် ကူးစက်ရောဂါဖြစ်ပွားနိုင်မှု အတွက်လည်း စိုးရိမ်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ငလျင်လှုတ်ခတ်မှုအတွင်း မြန်မာနိုင်ငံ နယ်စည်းမထားဆရာဝန်များ-MSF အဖွဲ့မှ ဝန်ထမ်းများ ဘေးကင်း ကြောင်းလည်း အသိပေးထားသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတွင် အပြင်းထန်ဆုံး ခံစားခဲ့ရပြီး သေဆုံးသူထောင်ချီရှိကာ ဆရာဝန်မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု ဆေးရုံ၊ ဆေးခန်း မလုံလောက်မှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#နယ်စည်းမထားဆရာဝန်များအဖွဲ့ #စစ်ကောင်စီ #ကူညီခွင့်မပြု #Ayeyarwaddy_Times