
“ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းပျက်စီးသွားတယ်”
(စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်)
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းပြတ်ရွှေ့ကြောမှ စစ်ကိုင်းကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်နှင့် ၇ ဒသမ ၅ အဆင့်အင်အားပြင်းထန်ငလျင်သည် အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်မှုကြောင့် ငလျင်အရှိန်ပြင်းထန်ပြီး သက်ရောက်မှုနေရာများပြားခဲ့သည်။ ငလျင်ဗဟိုချက်မ တည်ရှိရာ စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်ပြီး သုံးရက်အကြာမှ ကယ်ဆယ်ရေးများ စတင်နိုင်ကြောင်း သိရသည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးလုပ်နေသည့် စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြထားခြင်းဖြစ်သည်။
ဧရာဝတီတိုင်းမ် -လက်ရှိစစ်ကိုင်းအခြေအနေဘယ်လိုရှိလဲ။
စစ်ကိုင်းဒေသခံအမျိုးသမီး- အခုက ကူညီကယ်ဆယ်ရေးတွေရောက်လာပြီ။ အအောက်အအုံပြိုကျတာတွေကို တဖြည်းဖြည်းချင်းထုတ်နေတယ်။ မနေ့ကအထိလူတွေမထုတ်ရသေးဘူး။ ဒီနေ့မှထုတ်ရမယ်ပြောတယ်။ ပိမိနေတဲ့သူတွေများတယ်။
ဧရာဝတီတိုင်းမ် – စစ်ကိုင်းမြို့ဘယ်လောက်ထိခိုက် ပျက်စီးသွားလဲ။
စစ်ကိုင်းဒေသခံအမျိုးသမီး – မြို့အစကနေဖြစ်ပျက်နေတာပြချင်တယ်။ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းပျက်စီးသွားကြတယ်။ လူသေဆုံးမှုက တော်တော်များများသေတယ်။ ၁၀ အိမ်ပြိုရင် ကိုးအိမ်လောက်ပြိုတာမှာလူသေတယ်။ ကျွန်တော်တို့က မြို့လည်ခေါင်နေတာ။ မူကြိုကျောင်းပြိုသွားတာဆို ပိုင်ရှင်ကျောင်းအုပ်သေတယ်။ ဆရာမ သုံးယောက်သေတယ်။ မူကြိုကလေး ခုနစ်ယောက်သေတယ်။ ဒီနေ့မှ ဘူဒိုဇာနဲ့အလောင်းတွေလာဖော်တယ်။
ဧရာဝတီတိုင်းမ် – အဲဒါဆိုရင် ငလျင်စလှုပ်တဲ့ မတ် ၂၈ ရက်နေ့ကတည်းက အဆောက်အအုံထဲပိတ်မိနေတဲ့အလောင်းတွေကို ဒီနေ့မှထုတ်ရတာလား။
စစ်ကိုင်းဒေသခံအမျိုးသမီး – ဟုတ်တယ်။ ဒီနေ့မှာ ဖြစ်တဲ့နေရာတွေမှာ အကုန်ထုတ်မှာရှင့်။ မနေ့က တစ်ယောက်မှမထုတ်ရဘူး။ စစ်ကိုင်းမြို့မင်းလမ်း ဗလီပြိုတာလည်း ဒီနေ့မှထုတ်ရမယ်။ ဒီနေ့မှ အလောင်းပိုင်ရှင်တွေလာကြည့်ကြတာ။ မနေ့ကထိဘာမှလုပ်မရဘူး။ ဒီနေ့မှလူတွေပေါလာတာ။ အလောင်းပိုင်ရှင်တွေ။
ဧရာဝတီတိုင်းမ် – လက်ရှိအသက်ရှင်ကျန်ရစ်သူတွေအတွက် ဘာလိုအပ်လဲ။ ဘယ်လိုနေကြလဲ။
စစ်ကိုင်းဒေသခံအမျိုးသမီး – အခုတော့အကုန်လိုအပ်တယ်။ တချို့ပိုက်ဆံရှိသူတွေ ကုသိုလ်ရေးတွေလုပ်ကြတယ်။ ရှိတဲ့သူတွေ ကိုယ့်ဘာသာဝယ်ပေါ့။ အခုပရဟိတတွေ လိုက်ဝေနေတယ်။ အခု ကျွန်တော် ကိုယ်တိုင်ရေသန့်လိုက်ဝေဖို့ပြင်နေပါတယ်။
ခေါက်ဆွဲတွေပါတယ်။ အခုခက်နေတာက ကုန်စုံဆိုင်တွေမဖွင့်လို့ ပစ္စည်းတွေဝယ်မရဘူး။ ပိုက်ဆံလှူမယ်ဆိုရင်လည်းလက်ခံမလားမသိဘူး။ ကုန်စုံဆိုင်တွေရှိသလောက်ရောင်းပြီးတော့ အကုန်ပိတ်ကုန်ပြီ။ ကိုယ်နိုင်သလောက်လှူနေတယ်။
ဧရာဝတီတိုင်းမ် – ခရီးသွားလာရေးအတွက် စစ်ကိုင်းတံတားအခြေအနေဘယ်လိုရှိလဲ။ ဖြတ်လို့ရပြီလား။
စစ်ကိုင်းဒေသခံအမျိုးသမီး – စစ်ကိုင်းတံတားကတော့ မန္တလေးကနေ ကားလေးတွေ ငါးစီးစီဖြတ်လို့ရတယ် မနေ့က။ စက်လှေနဲ့ဖြတ်တာပိုကောင်းတယ်။ ဇက်နဲ့ကူးတာပေါ့။ ကားအကြီးကြီးတွေပါ ကူးလို့ရတယ်။ ဆိုင်ကယ်ကူးလို့ရတယ် တစ်ယောက် ငါးထောင်၊ အရင်က လူဖြတ်တာမပေးရဘူး။ အခု တစ်ယောက်တစ်ထောင်ကောက်တယ်။ ဇက်နဲ့ကူးတာ အန္တရာယ်ကင်းပါတယ်။
ဧရာဝတီတိုင်းမ် – စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေ ပျက်စီးမှုအခြေအနေကို သိရလား။
စစ်ကိုင်းဒေသခံအမျိုးသမီးတစ်ဦး – အဲဒါကတော့ တောင်ပေါ်ဖြစ်နေတော့ ကိုယ်လည်းမသွားတော့ မသိရဘူး။ မြို့ထဲဝန်းကျင်က ပျက်စီးဆုံးရှုံးမှုတွေတော်တော်များတယ်။ တောင်ပေါ်အခြေအနေကို မသိရဘူး။ သူများပြောသလောက် ထိခိုက်တာပဲသိရတာ။ မြို့ထဲတော်တော်ပျက်စီးတာတွေ လှူဖို့လုပ်နေတယ်။
ဧရာဝတီတိုင်းမ် – အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။
#စစ်ကိုင်းမြို့ #စစ်ကိုင်းဒေသခံအမျိုးသမီး #မြို့၈၀ရာခိုင်နှုန်းပျက်စီး #စစ်ကိုင်းတံတား #စစ်ကိုင်းတောင်ရိုး #အင်တာဗျူး
#Ayeyarwaddy_Times