
ဧရာ၀တီတိုင်းမ်
မတ် ၃၀ ရက်
မြန်မာနိုင်ငံအထက်ပိုင်း၌ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆိုးရွားပြင်းထန်သည့်ငလျင်ကြောင့် ဘေးဒုက္ခ ခံစားရသည့်မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၂ သန်း ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်သည်။
ယင်းထောက်ပံ့ငွေကို အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများမှတဆင့် ပေးအပ်သွားမည်ဟုဆိုသည်။
ထို့ပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
“ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိပါသည်။ ဤအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#AyeyarwaddyTimes #USA #Embassy #MyanmarEarthquake2025