
ဧရာ၀တီတိုင်းမ်
မတ် ၃၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ငလျင်ဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် အကူအညီပေးလိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ မတ် ၃၀ ရက်နေတွင့် ထုတ်ပြန်ထားသည်။
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်များလည်း အကြိမ်ပေါင်းမြောက်မြားစွာ ဆက်လက်လှုပ်ခတ်လျက် ရှိပါသည်။
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်အပါအဝင် နေရာဒေသအများအပြား၌ ပြည်သူလူထု၏ တိုက်တာနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦးများနှင့် သမိုင်းအမွေအနှစ်ပေါင်းမြောက်မြားစွာလည်း ပြိုကျပျက်စီးခဲ့ရသည်။ ထိုကဲ့သို့ ပျက်စီး ဆုံးရှုံးမှုများနှင့်အတူ ထောင်ပေါင်းများစွာသော ပြည်သူလူထု၏ သေကြေပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ တွေ့ကြုံနေရပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုပြီး မိမိတို့အနေဖြင့် အဆိုပါ အဖွဲ့အစည်းများ၏ လုံခြုံရေးအား အပြည့်အဝအာမခံပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း မန္တလေး PDF က ဆိုထားသည်။
ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် အထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ” ဗူးလေးရာ ဖရုံဆင့်” သကဲ့သို့ ဒုက္ခပင်လယ်ဝေရပြန်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်သည် စစ်မေများအနေဖြင့် ပြည်သူလူထုနှင့်ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အင်အားပြင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် မိဘပြည်သူ များအနေဖြင့် အထူးဂရုစိုက်နေထိုင်သွားလာကြပါရန် အကြံပြုတိုက်တွန်းကြောင်း မန္တလေး PDF က အသိပေးထားသည်။
ပြည်သူလူထု လိုအပ်လျက်ရှိသော အကူအညီများကို မိမိတို့ ပြည်သူ့ကာကွယ် ရေးတပ်မတော်သားများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အမြန်ဆုံးကူညီ ထောက်ပံ့ပေးသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#မန္တလေးPDF #ငလျင်ဘေးသင့် #ပြည်သူများအတွက် #အကူအညီပေး #ပြည်တွင်းပြည်ပအဖွဲ့အစည်းများ #ဖိတ်ခေါ် #ပူးပေါင်းဆောင်ရွက်သွားမည် #Ayeyarwaddy_Times