
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
အင်အားပြင်းထန်သည့် ငလျင်ကြောင့် ယနေ့ မတ်လ ၃၀ ရက်နေ့ထိ သေဆုံးသူ ၁၇၀၀ ခန့်အပါအဝင် ပျောက်ဆုံးသူ ၃၀၀ နီးပါးနှင့် ဒဏ်ရာရရှိသူ ၃၄၀၀ ခန့်ရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။
ထို့ပြင် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကာ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ များရှိနိုင်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများကို ရှင်းလင်း ဖယ်ထုတ်ရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်း ဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည် ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပြီး နိုင်ငံတကာမှအကူအညီများတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် က ပြောကြားထားသည်။
လက်ရှိတွင် အဆောက်အအုံများ၊ နေအိမ်တိုက်တာပြိုကျရာတွင် ပိတ်မိနေသူအများအပြားရှိ နေဆဲဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များကလည်း အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေလျက်ရှိကာ အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့်ရက် မတ်လ ၂၈ ရက်နေ့က လုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းအရှေ့မြောက်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင် ထိခိုက်ပျက်စီးမှု၊ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ရသည်။
ဓာတ်ပုံ – MFS
#ငလျင်လှုပ် #သေဆုံးသူတိုးလာ #ပျောက်ဆုံးသူများ #စစ်ကိုင်းငလျင် #မန္တလေးငလျင် #ဆုံးရှုံးမှုများ #Ayeyarwaddy_Times