
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
နေပြည်တော်ရှိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်အပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့၏နေအိမ်များအပါအဝင် ခြောက်လုံးတန်းနေအိမ်များ၊ စစ်ရုံးချုပ်တို့ပါ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့်အတွက် အလျင်အမြန် ပြင်ဆင်နေကြကြောင်း သိရသည်။
အဆိုပါနေအိမ်များကိုပြင်ဆင်ရာတွင် စစ်ကောင်စီ၏ စစ်အင်ဂျင်နီယာအဖွဲ့မှ တာဝန်ယူပြင်ဆင်နေပြီး ရန်ကုန်ရှိ ဆောက် လုပ်ရေးဝန်ထမ်းများ၊ ဝရိန်၊ ကာတာကျွမ်းကျင်ဝန်ထမ်းများကို ယနေ့ မတ် ၃၀ ရက်နေ့တွင် နေပြည်တော်သို့အရောက် အားချင်းခေါ်ယူထားကြောင်း ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“ဖောက်စက်တွေ၊ ဖြတ်စက်တွေ ကိရိယာအစုံသယ်ပြီး နေပြည်တော်ကို သွားရမယ်လို့ စာကျလာတယ်။ အဓိကက ဆက်သွယ်ရေး ဆာဗာတွေနဲ့ စစ်ရုံးထဲက အပျက်အစီးတွေကို အမြန်ပြင်ဖို့လို့ သိထားတယ်။ တခြား လူကယ်ဆယ်ရေးတော့ ဘာမှမပြောထားဘူး။ အဖွဲ့လိုက်တွေ မတ် ၃၀ ရက်နေ့အရောက် သွားရမယ်လို့ အကြောင်းကြားလာတာ”ဟု သင်္ဘောကျင်းဝန် ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်အား ၇ ဒသမ ၇ ရှိ ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ သမ္မတအိမ်တော်အပါအဝင် စစ်ဘက်ဆိုင်ရာ အဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး နိုငိငံခြား သတင်းဌာနတစ်ခုနှင့် အင်တာဗျူးပြုလုပ်နေသည့် စစ်ဗိုလ်ချုပ်များ စစ်ရုံးအတွင်းမှ အသည်းအသန် ထွက်ပြေးလာသည့် ရုပ်သံဖိုင်များ ထွက်ပေါ်ခဲ့သည်။
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့တွင် လူသေဆုံးထိခိုက်သည်အထိ ပျက်စီးမှုများရှိသည်ဟု သိရပြီး ဝန်ထမ်းအိမ်ရာများတွင်လည်း ပိတ်မိ နေသူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ငလျင်လှုပ်ခတ်ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရပြီး မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့ရှိ ဒေသခံများနှင့်ဆက်သွယ်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းအတွင်း သေဆုံးသူ ၁၇၉၀ ဦး၊ နေပြည်တော်တွင် ၄၀၂ ဦး၊ ရှမ်းတောင်တွင် ၇၉ ဦး၊ စစ်ကိုင်းတွင် ၃၁၄ ဦး၊ ပဲခူးတိုင်းတွင် ၃၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းမြို့ထဲတွင် သေဆုံးသူများကို သယ်ထုတ်ယူနိုင်ခြင်းမရှိသောကြောင့် အပုပ်နံ့များ ထွက်နေပြီး ကူညီကယ်ဆယ်ရန် ပြောနေသည့်အသံများကိုလည်း ကြားရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ခေါင်းဆောင်က ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကိုကယ်တင်ရန် နိုင်ငံတကာ အကူအညီများ ပေးကြရန်တောင်းဆိုထားသည်။
ပုံစာ-နေပြည်တော်ရှိ သမ္မတအိမ်တော်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောက်အဦး အပျက်အစီးများ ကိုတွေ့ရစဉ်
#နေပြည်တော် #စစ်ခေါင်းဆောင် #အာဏာရှင် #နေအိမ်များ #ပျက်စီး #ရန်ကုန် #ဝန်ထမ်းများ #အားချင်းခေါ်ယူ #ပြင်ဆင် #Ayeyarwaddy_Times