
စစ်ကောင်စီခန့် မြန်မာသံအမတ်အသစ်လာရောက်ကြည့်ရှုပြီး မြန်မာလုပ်သား များသေဆုံးမှု သေချာစွာသိရှိခြင်းမရှိဟုဆို
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ငလျင်ကြောင့် ဘန်ကောက်မြို့ထဲရှိ အစိုးရ စာရင်းစစ် အဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရကာ ၁၀၁ ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ယမန်နေ့ မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် အဆိုပါ အထပ် ၃၀ မြင့် အဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ပိတ်မိနေသည့် ဆောက်လုပ်ရေး လုပ်သားများတွင် မြန်မာအလုပ်သမားများလည်း ပါဝင်နေကြောင်း ပြန်လည်လွတ်မြောက်လာသူ များထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ အသစ်ခန့်အပ်ခြင်းခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော် ဇော်စိုးကလည်း ပြိုကျမှုဖြစ်ပွားခဲ့သည့် အစိုးရအဆောက်အအုံကို ယနေ့ နံနက်ပိုင်းတွင် လာရောက် ကြည့်ရှုခဲ့သည်။
အဆိုပါ အထပ် ၃၀ မြင့် အဆောက်အအုံတွင် မြန်မာအလုပ်သမား အများအပြားပိတ်မိနေပြီး အရေအတွက်ကို သိရခြင်းမရှိသေးကြောင်း မြန်မာသံအမတ်က ထိုင်းမီဒီယာများကို ပြောဆိုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်မှလည်း ယမန်နေ့ မတ် ၂၈ ရက်နေ့ ညနေပိုင်းက လာရောက် ကြည့်ရှုခဲ့ပြီး လေ့ကျင့်ထားသည့် ကယ်ဆယ်ရေးခွေးများ၊ အပူချိန်တိုင်းတာသည့် ဒရုန်းများအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိုင်းကယ်ဆယ်ရေးအဖွဲ့များမှ အပြင်းအထန်လုပ် ဆောင် နေကြောင်း သိရသည်။
ဓာတ်ပုံ – Khaosod English
#ထိုင်း #ဘန်ကောက် #အဆောက်အအုံပြိုကျ #စစ်ကိုင်းငလျင် #Ayeyarwaddy_Times