ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် လက်ရှိအချိန်ထိ လူ ၆၉၄ ဦး သေဆုံးပြီး ၁၆၇၀ ဦး ဒဏ်ရာရကာ ထိရောက်သော ကယ်ဆယ်ရေးများ လုပ်ဆောင်ခြင်း မရှိသေးသော်လည်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မတ် ၂၉ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ရစ်ချက်တာစကေး ၇ဒသမ ၇အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ ယမန်နေ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သဖြင့် မန္တလေးအပါအဝင် စစ်ကိုင်း၊ မကွေး၊ ရှမ်းအရှေ့၊ နေပြည်တော်၊ ပဲခူး စသည်တို့၌ ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

စစ်ခေါင်းဆောင်သည် ငလျင်ဒဏ်ကြောင်း ထိခိုက်ခဲ့ရသော နေရာများသို့ ရဟတ်ယာဉ်ဖြင့် ကြည့်ရှုခဲ့ပြီး ထိုသို့ကြည့်ရှုခြင်းသည် ဟန်ပြသာဖြစ်ပြီး ထိရောက်သည့် ကယ်ဆယ်ရေးများကို လုပ်ဆောင်နိုင်ခြင်း မရှိဘဲ အမြန်ဆုံး ဆောင်ရွက်ရန်သာ ပြောဆိုခဲ့ကြောင်းသိရသည်။

သို့သော် မြေပြင်တွင်မူ စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးများ အလွန်နည်းပါနေပြီး ပြည်သူနှင့် လူမှုကူညီရေးအဖွဲ့များကသာ အဓိကဆယ်ကယ်ရေး လုပ်ဆောင်နေသောကြောင့် စစ်ခေါင်းဆောင် လာရောက်ခြင်းမှာ ဟန်ပြဖြစ်သည်ဟု မန္တလေး ဒေသခံများက မှတ်ချက်ပြုသည်။

မန္တလေးတိုင်းအတွင်း လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ် ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီး အသေးစိတ် စာရင်းအား ဆက်လက်ကောက်ယူနေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၊ လူမှုကွန်ရက်
#ငလျင်ဒဏ် #၆၉၄ဦးသေဆုံး #၁၆၇၀ဦးဒဏ်ရာရ #မန္တလေးတိုင်း #ဟန်ပြ #စစ်ခေါင်းဆောင်သွားရောက် #Ayeyarwaddy_Times