
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ အတွင်း အင်အားအလွန်ပြင်းထန်သော ငလျင်သည် အစ္စလာမ် ဘာသာဝင်များ၏ ရမ္မဇန် ဥပုသ်လ နောက်ဆုံးသောကြာနေ့၌ လှုပ်ခတ်မှုကြောင့် ဗလီ ၆၀ လုံးကျော် ပြိုကျပျက်စီးပြီး အစ္စလာမ်ဘာသာဝင် ၅၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစ္စလာမ်အသိုင်း အဝိုင်းထံမှ သိရသည်။
မန္တလေးမြို့၏ အရှေ့မြောက်ဘက် စစ်ကိုင်းမြို့ကို ဗဟိုပြု၍ အင်အား ရစ်ချက်တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ မတ် ၂၈ ရက်၊ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သဖြင့် တိုင်းနှင့်ပြည်နယ် အများစုတွင် ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရသည်။
ယင်းသို့ လှုပ်ခတ်မှုကြောင့် စေထီပုထိုး ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်အပါအဝင် စသည်တို့ ပြိုကျပျက်စီးခဲ့ရာ ထိုသို့ပျက်စီးခဲ့ရမှုများတွင် ဗလီ ၆၀ လုံးကျော်လည်း ပါဝင်ခဲ့ကြောင်း စောင့်ကြည့်စာရင်းပြုစုနေသူ အစ္စလာမ်ဘာသာဝင်တစ်ဦးထံမှ သိရသည်။
“လက်လှမ်းမှီသလောက် ပြုစုချက်အရ ဗလီ ၆၀ လုံးကျော် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် ၅၀၀ ဦးထက်မနည်း ကွယ်လွန်(ရှဟီးဒ်)ဖြစ်တယ်။ အရေအတွက်က ထပ်တိုးလာဖို့ပဲ ရှိတယ်” ဟု ၎င်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးအပါအဝင် စစ်ကိုင်း၊ မကွေး၊ ရှမ်းအရှေ့၊ နေပြည်တော်၊ ပဲခူးတို့ရှိ ငလျင်ဒဏ်သင့် နေရာများကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် သွား ရောက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ကယ်ဆယ်ရေးတွေ လာဖို့မပြောပါနဲ့။ ဗလီပြိုကျ ပျက်စီးမှုအောက် ရောက်ရှိနေတဲ့ အလောင်းတွေကို သယ်ထုတ်ဖို့တောင် ခက်ခဲနေတယ်။ မန္တလေး၊ စစ်ကိုင်း အနီးတဝိုက်က အခြေအနေအဆိုးဆုံးလို့ သိရတယ်” ဟု မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော နေ့သည် အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရမ္မဇန်(ဥပုသ်လ)၏ နောက်ဆုံးသောကြာနေ့ ဖြစ်သောကြောင့် ပုံမှန်သောကြာနေ့များထက် ဗလီတက် ဝတ်ပြုသူများပြားကာ ငလျင်လှုပ် ချိန်တွင် ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း သိရသည်။
ထိုသိုံ ပြိုကျပျက်စီးသွားသော ဗလီများအနက် ကျောက်ဆည် ဆူးလေကုန်းဗလီ၊ ရွာဦးဗလီ၊ သစ်ကြီး တန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးအနောက်အပ်ချုပ်ဗလီ၊ တောင်ငူ ကန်တော်ဗလီ၊ တံတားဦး မြစ်သာရပ် ဗလီနှင့် စကြာမြောက်/တောင် ဗလီ စသည်တို့ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ပျော်ဘွယ် မြို့သစ်ဗလီ၊ ရွှေဘုန်းရှိန် ဗလီ၊ လယ်ဝေ ဗလီ၊ ပလိပ်မြို့မ ဗလီ၊ ချမ်းမြသာစည် ကံရွာဗလီ၊ ရမည်းသင်းမြို့ ဗလီ၊ ဂိုဏ်းကြီး ဗလီအပါ ဗလီ ခုနစ် လုံး၊ ပျဉ်းမနား စူရ်သီဗလီ၊ ပလိပ်မြို့မ ဗလီ စသည်တို့လည်း ထိခိုက်ပျက်စီးမှုတွင် ပါဝင်ကြောင်း အစ္စလာမ်အသိုင်းအဝိုင်းထံမှ သိရသည်။
ဓာတ်ပုံ-Alice Honey
#အစ္စလာမ်ဘာသာဝင်များ #ရမ္မဇန်ဥပုသ်လ #အင်အားပြင်းငလျင်လှုပ်ခတ် #ဗလီ၆၀ကျော် #ပြိုကျပျက်စီး #၅၀၀ဦး #သေဆုံး #Ayeyarwaddy_Times