ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ ဦးလှသိန်းဗိမာန်အတွင်း စာဖြေဆိုနေသည့် သံဃာ ၁၀၀၀ ကျော်အနက် ၂၀၀ ကျော်ပိတ်မိကာ အပါး ၈၀ ကျော် ပျံလွန်တော်မူခဲ့ကြောင်း စာဖြေသံဃာတော် များထံမှ သိရသည်။

ယမန်နေ့ မတ် ၂၈ ရက်နေ့တွင် မန္တလေး၊ မဟာအောင် မြေမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိသာသနဟိတသကျသီဟအသင်းကြီး၊ ဦးလှသိန်းဗိမာန် (မဟာအောင်မြေ စာဖြေ ဌာန) တွင် သံဃာတော် ၁၀၀၀ ကျော် စာမေးပွဲဖြေဆိုနေစဉ် ငလျင်လှုပ်ခတ်ခဲ့ရာ စာဖြေဗိမာန်တိုးချဲ့ ဆောင်သုံးထပ်တိုက်တစ်လုံး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးထပ်ဆောင်ပြိုကျမှုကြောင့် အဆောင်တွင်း စာဖြေဆိုနေသည့် သံဃာတော်ရာနှင့်ချီရှိပြီး ၂၀၀ ကျော်ပိတ်မိနေခြင်းဖြစ်သည်ဟု လွတ်မြောက်လာသည့် သံဃာတော်တစ်ပါးက မိန့်ဆိုသည်။

“ပြိုကျသွားတဲ့ အဆောင်မှာက ၃၀၀ ကျော်လောက်ရှိတာ။ ညာဘက်ခြမ်းက သံဃာတော်တွေပျံ လွန်တော်မူတာများတယ်။ မနေ့က ညကတည်းက ကယ်ထုတ်လို့ရတဲ့သံဃာတော် အလောင်းတွေတင် မနည်းဘူး။ ၈၀ ကျော်တယ်။ အခုမနက်ထိလည်း ဆွဲ ထုတ်နေကြရတုန်းပဲ”ဟု လွတ်မြောက်လာသည့် စာဖြေသံဃာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို မိန့်သည်။

ငလျင်ကြောင့် ပြိုကျသွားသည့် စာဖြေဆောင်အဆောက်အဦအပျက်အစီးများကြား ပိတ်မိနေသည့် သံဃာအပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး အခြားသောပိတ်မိနေသူ များကိုလည်း ရှာဖွေကယ်ဆယ်နေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့
#မန္တလေး #ဦးလှသိန်းဗိမာန် #စာဖြေဌာန #ပိတ်မိ #သံဃာ၁၀၀ကျော် #အပါး၈၀ #ပျံလွန် #Ayeyarwaddy_Times