
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မြန်မာနိုင်ငံတွင် ယမန်နေ့ မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကူညီရန် ယနေ့မတ်၂၉ ရက်နေ့တွင် စက်ကာပူ၊ တရုတ်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ရှရှား စသည့် နိုင်ငံများမှ အကူအညီများ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၃၇ ဦးပါ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့မှ ကယ်ဆယ်ရေးကိရိယာများနှင့်အတူ ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်လဆိပ်သို့ ရောက်ရှိလာပြီး အခြားယူနန်ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Blue Sky Rescue(ယူနန်) အဖွဲ့ကလည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနေပြီဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
အလားတူ အိန္ဒိယနိုင်ငံမှလည်း ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အရေးပေါ်လူသားချင်းစာနာ ထောက်ထားရေးအကူအညီများဖြစ်သည့် စောင်၊ မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊ နေရောင်ခြည်သုံး မီးအိမ်များ၊ အစားအသောက်များ စသည်တို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြာင်း အိန္ဒိယသံရုံးက ဆိုထားသည်။
စင်ကာပူနိုင်ငံရှိ Singapore Civil Defence Force အဖွဲ့မှလည်း ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးနှင့်အတူ ကယ်ဆယ်ရေးခွေးများ၊ ခေတ်မှီ စက်ကိရယာများ နှင့် အတူ ယနေ့ မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် စင်ကာပူလေကြောင်းလိုင်း အကူအညီဖြင် မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည်လည်း ရုရှားသမ္မတဗလာဒီမာပူတင်၏ အမိန့်ဖြင့် ကယ်ဆယ်ရေးသမား အယောက် ၁၂၀ နှင့်အတူ ကယ်ဆယ်ရေးခွေးများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ မှာ လေယာဉ် နှစ် စီးဖြင့် မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီဖြစ် ကြောင်း သိရသည်။
ထိုင်ဝမ်နိုင်ငံ အနေဖြင့်လည်း မြန်မာ နှင့် ထိုင်းနိုင်ငံသို့ အကူညီ ပေးနိုင်ရန် ကယ်ဆယ်ရေးဝန်ထမ်း ၁၂၆ ဦး အပါအဝင် ကယ်ဆယ် ရေးပစ္စည်းအင်အား အဆင်သင့်ပြင်ဆင်ထား ကြောင်းသိရသည်။
ထိုင်ဝမ်နိုင်ငံ၏ ပံ့ပိုးကူညီရန် အကူအညီကမ်းလှမ်းမှုကို မြန်မာစစ်ကောင်စီက ကြိုဆိုလက်ခံကြောင်း ဆိုထားသော်လည်း မြန်မာနိုင်ငံသို့ ဝင်ခွင့်ရမရ အခြေအနေကိုမူ သိရခြင်း မရှိသေးပေ။
ထို့အတူ အမေရိကန်အစိုးရမှလည်း ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီပေးသွားမည်ဟု ပြောဆို ထားပြီး လက်ရှိတွင် ငလျင်ဗဟိုချက် နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ်နှင့် မြို့နယ်များ မှာ ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ကိုင်ရန် အရေးပေါ်လိုအပ်နေပြီး စစ်ကောင်စီ အနေဖြင့် ထိရောက်စွာ ကယ်ဆယ် နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မြန်မာ #ငလျင် #နိုင်ငံတကာ #အကူအညီ #Ayeyarwaddy_Times