ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

စစ်ကောင်စီ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်း စာနာမှုအကူအညီအဖြစ် ယွမ် သန်း ၁၀၀ တန်ဖိုးရှိသော ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီများ တရုတ်အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအကူအညီများ ထောက်ပံ့ပေးသွားမှုနှင့် ပတ်သက်၍ နိုင်ငံတကာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA)၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ယနေ့ မတ် ၂၉ ရက်တွင် ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်း စာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့မှုမှာ စစ်ကောင်စီ၏ တောင်းဆိုချက်အရ ဖြစ်သည်ဟု ဆိုထားပြီး ကယ်ဆယ်ရေးအဖွဲနှစ်ဖွဲ့ စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တဲများ၊ စောင်များ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့်ဘေးဒဏ်သင့် ဒေသများအတွက် အရေးတကြီး လိုအပ်နေသော ပစ္စည်းများ ထောက် ပံ့မည်ဟု ဆိုသည်။

ပထမဆုံး ကယ်ဆယ်ရေးအဖွဲ့သည် ရန်ကုန်သို့ ယနေ့ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်မည်ဖြစ်သလို ပထမအသုတ် အကူအညီပစ္စည်းများအား မတ် ၃၁ ရက်တွင် စတင်ပို့ ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုး သွားမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း စစ်ခေါင်းဆောင်ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့် ပြည်သူများ သဘာဝဘေးဒဏ်ကို ကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

ဓာတ်ပုံ-တရုတ်သံရုံး
#စစ်ကောင်စီ #တောင်းဆိုချက် #မြန်မာနိုင်ငံ #ယွမ်သန်း၁၀၀ တန်ဖိုးရှိ #ငလျင်ဘေးအန္တရာယ် #ကယ်ဆယ်ရေးအကူအညီများ #တရုတ်အစိုးရထောက်ပံ့ #Ayeyarwaddy_Times