
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မန္တလေးတိုင်း၊ အေအောာင်မြေသာစံမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa ကွန်ဒို အဆောက်အဦတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့ မတ် ၂၉ ရက်နေ့ ညနေပိုင်းအချိန်ထိ လတ်တလောရှာဖွေတွေ့ရှိမှုအရ အသက်ရှင်လျက် ၄၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၉ လောင်းကို ရှာဖွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ကွန်ဒိုအတွင်း ပိတ်မိသူအရေအတွက်ကို သိရှိရခြင်းမရှိသေးဘဲ လတ်တလော အသက်ရှင်လျက် တွေ့ရှိသူ ၄၃ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့သူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက် ဆုံးနေသူ ၃၀ ဦးရှိကြောင်းနှင့် အသေးစိတ် စာရင်းများဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည်။
ထို့အပြင် မကွေး၊ နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အေးသာယာ၊ ဟိုပုံး၊ ရွှေညောင်၊ လွိုင်ကော်တို့တွင် ယနေ့ ညနေ ၃ နာရီ ၅၁ မိနစ်က မြေငလျင်များထပ်မံလှုပ်ခတ်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
#မန္တလေး #SkyVilla #ပိတ်မိ #ကယ်ဆယ်ရှာဖွေ #၄၃ဦးအသက်ရှင် #၉လောင်းတွေ့ရှိ #မီးသတ်ဦးစီးဌာန #Ayeyarwaddy_Times