
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင်လည်း ငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးမှုများပြားခဲ့ပြီး KBZ ဘဏ်ပြိုကျကာ ဘဏ်အတွင်း ပိတ်မိသူ ၄၀ ကျော်ခန့်ရှိကြောင်း သိရသည်။
ယမန်နေ့ မတ် ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်လှုပ် ခတ်မှုကြောင့် ပျော်ဘွယ်မြို့နယ်ရှိ အဆောက်အဦ အများပြား ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။
ပြိုကျပျက်စီးမှုများထဲတွင် ပျော်ဘွယ်မြို့နယ်၊ မြို့မဈေးနားရှိ KBZ ဘဏ်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ရာ ဘဏ်အတွင်း၌ ပိတ်မိသူ ၄၀ ကျော်ရှိပြီး ယနေ့ မတ် ၂၉ ရက်နေ့ နံနက်အထိ ရှာဖွေကယ်ဆယ်ရာတွင် ၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ကြောင်း ဒေသခံ ထံမှ သိရသည်။
“ကျွန်မနေအိမ်လည်း ပြိုကျသွားပြီ။ ကျွန်မလည်းကံကောင်းလို့လွတ်တာ။ ဒါတောင်ကျောပေါ်ကို အုတ်ချပ်ကြီးတွေ ပိလာတာ။ ထမရပ်နိုင်ဘူး ပြန်ထလိုက် လဲကျလိုက်ဖြစ်နေတာ။ မထနိုင်တဲ့အချိန်မှာ တိုက်ကြီးက အသံတွေမြည်လာပြီး ပြိုကျလာတာ။ မိကျောင်းတွားသွားသလို လမ်းမဘက်ကို ပြေးလို့သာ လွတ်ခဲ့ရတာ။ မျက်လုံးလည်းထိထားတယ်။ ဘဏ်ထဲက လူတွေလည်း ဒီမနက်ထိ သုံး ယောက်ကို ကယ်လို့ရတယ်ကြားတယ်။ ဆက်ရှာနေကြတုန်းပဲ။ ဘဏ်က ၅ ထပ်မှာ ၃ ထပ်က မြေအောက်ရောက်သွားတာ။ ပြောရရင်အကုန်လုံးနီးပါးပြိုတဲ့ သဘောပါပဲ”ဟု ပျော်ဘွယ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပျော်ဘွယ်မြို့နယ်တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး နေအိမ်အများအပြား ပြိုကျ ပျက်စီးကာ သေဆုံးသူများရှိကြောင်း သိရပြီး အသေးစိတ်ကို ကူညီရေးအဖွဲ့များထံ ဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်၍မရသေးပေ။
#မန္တလေး #ပျော်ဘွယ် #KBZ #ပြိုကျ #၄၀ဦး #ပိတ်မိ #Ayeyarwaddy_Times