ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

ငလျင်ကြောင့် နေပြည်တော်လေဆိပ်ရှိ လေကြောင်းထိမ်းအဆောက်အဦးပြိုကျသဖြင့် လုံခြုံရေးများအပါဝင် ကိုးဦးသေဆုံးသွားကြောင်း ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်များထံက သိရသည်။

ပြင်းထန်ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် နာရီပိုင်းအတွင်း ၉၀ ကျော်‌သေဆုံးခဲ့ရကြောင်းနှင့် သေဆုံးအရေအတွက် ပိုတိုးလာနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

“သေတာက စုစုပေါင်း ကိုယောက်လို့ သိရပါတယ်။ လေကြောင်းထိမ်းဝန်ထမ်းက လေးယောက်နဲ့ ကျန်တာတွေကတော့ လုံခြုံရေးနဲ့ ဆက်စပ်တဲ့သူတွေလို့ သိရပါတယ်” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်လေကြောင်းထိမ်းအဆောက်အဦးတွင် အရပ်ဘက်ဝန်ထမ်းများကို စစ်ဘက်နှင့်သက်ဆိုင်သော လေယာဥ်များကို ထိမ်းသိမ်းခွင့်မပေးတော့သည်မှာ ကာလကြာပြီဖြစ်ကြောင်းနှင့် သတင်းမပေါက်ကြားစေရေးအတွက် လေကြောင်းရဲ၊ စရဖ၊သတင်းတပ်ဖွဲ့ စသည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများက လုံခြုံရေးယူထားကြောင်း သိရသည်။

“ဒီစင်တာက နေပြည်တော်တစ်မြို့လုံးကို အပေါ်စီးက မြင်ရတာလေ။ မြင့်လည်းမြင့်တယ်။ ငလျင်လှုပ်တော့ ပြိုကျသွားတာထင်တယ်။ သေဆုံးတဲ့အထဲက အမျိုးသမီးတစ်ယောက်ဆို အိမ်ထောင်ကျတာ တစ်လကျော်ပဲ ရှိသေးတယ်လို့ သိရတယ်” ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နေပြည်တော်လေကြောင်းထိမ်းစင်တာမှ သေဆုံးခဲ့သူများမှာ ဒေါ်ဟန်နီထွန်း၊ ဒေါ်သော်သော်ထက်ကိုကို၊ဒေါ်နိုင်နိုင်မော်နှင့် ဦးလေးအောင်တို့ဖြစ်ကြောင်း လေကြောင်းထိမ်းအသိုင်းအဝိုင်းမှ ရေးသားဖော်ပြကြသည်။

နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် ဝန်ထမ်းအိမ်ယာများ၊ ဝန်ကြီးဌာနရုံးများ၊ လူနေအိမ်များ၊ အလုပ်ရုံများ နှင့် ဘာသာရေးအဆောက်အဦးများ ပြိုကျပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြု၍ အင်အား ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးအချို့ကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါငလျင်ကြောင့် နေပြည်တော်၊မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် သေဆုံးမှုများပြီး သေဆုံးစာရင်းတိုးလာနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- ထိခိုက်သေဆုံးမှုကို နေပြည်တော်ကုတင်၁၀၀၀ ဆေးရုံတွင် လာရောက်ကြည်ရှု့နေသည့် စစ်ခေါင်းဆောင်
#နေပြည်တော် #ငလျင် #နေပြည်တော်လေဆိပ် #လေကြောင်းထိမ်းအဆောက်အဦးပြိုကျ #လုံခြုံရေးများအပါဝင်၉ဦးသေဆုံး
#Ayeyarwaddy_Times