
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
၁၉၃၀ ပြည့်နှစ်တွင် ရစ်(ခ်) တာစကေး ၇ ဒသမ ၃ လှုပ်ခတ်သောပဲခူးငလျင်ပြီးနောက်ပိုင်း နှစ်ပေါင်း ၉၅ နှစ်အကြာ ၂၀၂၅ ခုနှစ် မတ်လတွင် စစ်ကိုင်းပြတ်ရွှေ့ရှိရာ စစ်ကိုင်းမြို့ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့် နှင့် ၇ ဒသမ ၅ အဆင့် အင်အားပြင်းထန်သောငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ငလျင်ငယ်များဆက်တိုက်လှုပ်သွားကြောင်းသိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်များဆက်လက် လှုပ်ခတ် နိုင်သဖြင့် အများပြည်သူများဘေးလွတ်ကင်းရာနေထိုင်ရန်စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။
ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် စစ်ကိုင်းပြတ်ရွှေ့တည်ရှိရာ စစ်ကိုင်းကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာမှ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်လှုပ်ခတ်ပြီးနောက် အင်အားရှိငလျင် လေးကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလ က ယနေ့ ညနေပိုင်းတွင်ထုတ်ပြန်သည်။
ငလျင်ကြီးလှုပ်ပြီးနောက် ၁ နာရီ ၂ မိနစ်တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၅ အင်အားပြင်းငလျင်၊ ၁ နာရီ ၁၆ မိနစ်တွင် အင်အားရစ်(ခ်) တာစကေး ၅ ဒသမ ၉၊ ၁ နာရီ ၅၈ မိနစ်တွင် အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ နှင့် ၂ နာရီ ၂၆ မိနစ်တွင် ၄ ဒသမ ၉ ဖြင့် ထပ်မံ လှုပ်ခတ်ကြောင်းသိရသည်။
အဆိုပါငလျင်သည် အင်အားပြင်းထန်သည့်အပြင် အနက်တိမ်ကနေ၍ လှုပ်ခတ်မှုကြောင့် ငလျင် အရှိန်လှိုင်းပြန့်အား များကြောင်းသိရသည်။
ထို့ပြင်ငလျင်ကြီး နှစ်ကြီးနှစ်ကြိမ်နာရီခြားလှုပ်ခတ်မှုကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ဘုရား ပုထိုး၊ အဆောက်အအုံများပျက်စီးပြိုကျပြီး လူသေဆုံးသည့်အထိဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
၁၉၃၀ ပြည့်နှစ်တွင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၃ အနက် ၁၅ ကီလိုမီတာကနေလှုပ်ခတ်ပြီး ပဲခူးနှင့် ရန်ကုန်တွင် လူသေဆုံးမှုများပြီးထိခိုက်ပျက်စီးမှု များပြားခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နှစ်ပေါင်း၉၅ #တစ်ကျော့ပြန်ငလျင်ကြီးလှုပ် #စစ်ကိုင်း #မန္တလေး #ပျက်စီးမှုများ #လူသေဆုံးမှုရှိ #Ayeyarwaddy_Times