ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကားများ နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း များတိုက်ခိုက်ခံရပြီး တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်း အတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီစစ်ကား နှစ် စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အင်အား ၃၀ ခန့်ပါ စစ်ကား တစ်စီးမှာ ချောက်ထဲ ပြုတ်ကျခဲ့၍ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ မတ် ၂၆ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်း ၁၂၇ မိုင်၊ မင်းရဲ ရဲစခန်းနှင့် ၁၂၄မိုင်၊ နတ်ရေတွင်းရဲစခန်း တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ် ဦး သေဆုံးခဲ့ပြီး လေး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ဆင်ရေးနယ်မြေ-၂ ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ(၂၁)၊ ပြည်ခရိုင်တပ်ရင်း-၃၆၀၂ တပ်ခွဲ-၃၊ ဗျူဟာ(၂၂)၊ အမှတ်-၃၈၀၁ တပ်ရင်း နှင့် အမှတ်-၃၇၀၁ တပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မတ် ၂၇ ရက်နေ့တွင်လည်း အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် ၃၅၀၂ တပ်ရင်း(စစ်တောင်းစစ်ကြောင်း) မှ လမ်းလုံခြုံရေး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အမှတ်-၂ စစ်ဒေသခွဲ ကထုတ်ပြန် ထားသည်။

ဓာတ်ပုံ – အမှတ်(၂)စစ်ဒေသခွဲ
#ပဲခူး #ရန်ကုန်မန္တလေးလမ်း #အမြန်လမ်း #ရဲစခန်း #တိုက်ပွဲ #PDF #Ayeyarwaddy_Times