
ဧရာ၀တီတိုင်းမ်
မတ် ၂၈ ရက်
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ အကွာတွင် ယနေ့ မတ် ၂၈ ရက် (ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ၂၀ မိနစ်) က ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများနိုင်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာန (United States Geological Survey-USGS) က ထုတ်ပြန်ထားသည်။
အဆိုပါငလျင်ဒဏ်ကြောင့် စစ်ကိုင်းတံတားကျိုးကျခဲ့ပြီး မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားအပြင် ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင် နှင့် ဘန်ကောက် တို့တွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း အဆိုဒေသများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထံက သိရသည်။
“ငလျင်က တော်တော်ပြင်းတယ်။ ခေါင်းတွေတောင် မူးတဲ့အထိ ပြင်းထန်တာ”ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နေ မြန်မာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ငလျင်ဒဏ်ကို ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့မှလည်း ခံစားခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
“ညောင်တုန်းမှာလည်း ငလျင်လှုပ်သွားတယ်။ သိသိသာသာကို ခံစားရတာ။ ၂ နာရီထိုးခါနီးမှာ လှုပ်တာ”ဟု ညောင်တုန်းဒေသခံတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်အဆင့်ရှိသည့်ငလျင်မှာ ရစ်ချ်တာစကေး ၆ ဒသမ ၉ ရှိကြောင်း ကနေဦးသိရပြီး ငလျင်လှုပ်ချိန်တွင် ချင်းမိုင်မြို့မှ လူအများအပြား ကြောက်လန့်တကြား လမ်းမပေါ်ထွက်ပြေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းငလျင်နှင့်ပတ်သက်သည့် နောက်ဆက်တွဲ သတင်းများကို ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
#မြန်မာနိုင်ငံ #စစ်ကိုင်းမြို့ #၇ဒသမ၇ပြင်းအား #ငလျင်လှုပ်ခတ် #စစ်ကိုင်းတံတားကျိုးကျ #Ayeyarwaddy_Times