
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
မြန်မာပြည်အလယ်ပိုင်းရှိစစ်ကိုင်းပြတ်ရွှေ့မှ ပြင်းအား ရစ်ချက်တာစကေး ၇ ဒသမ ၇ လှုပ်ခတ်မှု ကြောင့်နေအိမ် အဆောက် အအုံများပြိုကျ၊ လူထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အလယ်ပိုင်း စစ်ကိုင်းမြို့အနီးတွင် ဗဟိုပြု၍ အင်အားပြင်းထန်သော ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်၊အနက် ၁၀ ကီလိုမီတာ ( ၆ မိုင်) အကွာကနေ ငလျင်လှုပ်ခတ် သွားကြောင်း ထုတ်ပြန်သည်။
အဆိုပါငလျင်ဗဟိုချက်မဧရိယာ ဒေသများတွင် ပြင်းထန်စွာခံရပြီး မြန်မာတစ်နိုင်ငံလုံး ထိခိုက် ပျက်စီးမှုများရှိကြောင်းသိရသည်။
စစ်ကိုင်းမြို့ဗဟိုပြုသဖြင့် စစ်ကိုင်းတံတားအဟောင်းပြိုကျ၊ နန်းမြို့ဟောင်းမြို့ပြိုကျပြီး မန္တလေးမြို့ အတွင်းရှိ အထပ်မြင့်ဟိုတယ်အပါအဝင် နေအိမ်ခြံဝင်းများပြိုကျသွားကြောင်းသိရသည်။
ယင်းပြင် မန္တလေးလေဆိပ်အဆောက်အအုံများပျက်စီးခြင်း၊ ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၆၂ မှ ၃၆၅ ( တံတားဦးမြို့နယ်) အတွင်းရှိ လမ်းပိုင်းများပျက်စီးခြင်းကြောင်းသိရသည်။
အဆိုပါငလျင်ကို ရန်ကုန်မြို့နေလူထုလည်းသိသိသာသာခံစားရပြီး ၁၂ နာရီ ၅၁ မိနစ်မှ ၅၅ မိနစ်အထိ ၄ မိနစ်ဆက်တိုက်ငလျင်အကြာကြီးလှုပ်သွားကြောင်း အင်းစိန်မြို့နယ်နေသူများထံက သိရသည်။
” အဝတ်ဘီဒိုယိမ်းထိုးပြီး တစ်အိမ်လုံးလှုပ်ခါသွားတယ်။ တိုက်ပေါ်ကနေဆင်းပြေးကြတယ်။ ပန်ကာ တစ်လုံးလည်ထွက်နေတယ်။ အိမ်ထဲရှိတဲ့ပစ္စည်းတွေယိမ်းထိုးနေတာပဲ။ ကြောက်သွားတယ်” ဟု အင်းစိန်ရှိ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ငလျင်လှုပ်ခတ်မှုပြင်းထန်ရာတွင် တောင်ပေါ်ဒေသများဖြစ်သည့် ပြင်ဦးလွင်၊ ကလော၊ အောင်ပန်းမြို့ တွင် သိသ စွာခံစားရပြီး နေအိမ်ပြိုကျမှုများရှိကြောင်းသိရသည်။
မြန်မာပြည်တွင်ငလျင်လှုပ်ခတ်နေသည့်အချိန်မှာပင် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့်ပိတ်မိနေသူများကို အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရစ်ချက်တာစကေး ၆ မှ ၆.၉ ထိငလျင်ကို fairly major ကြီးမားသောငလျင်အဖြစ်သက်မှတ်ထားပြီး ပြင်းအား ၇ အထက်ကို major earthquake အလွန်ကြီးကျယ်သောငလျင်ဟုသက်မှတ်ထား၍ ယခုလှုပ်ခတ်သွားသော ငလျင်သည် အလွန်ပြင်းထန်သည့် ငလျင်တစ်ခုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှူကွန်ရက်
#စစ်ကိုင်းငလျင် #စစ်ကိုင်းပြတ်ရွေ့ #အင်အားပြင်းထန်းငလျင်လှုပ် #ပျက်စီး #ဟိုတယ်များပြိုကျ #နေအိမ်ပြိုကျ #Ayeyarwaddy_Times