
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
ပြင်းထန်ငလျင်ကြောင့် အဆောက်အဦးများပြိုကျ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် လူဦးရေ ရာနှင့်ချီသေဆုံးနိုင်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်နေသူများက ဧရာဝတီတိုင်းမ်ကို ခန့်မှန်းပြောဆိုသည်။
နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် ဝန်ထမ်းအိမ်ယာများ၊ ဝန်ကြီးဌာနရုံးများ၊ လူနေအိမ်များ၊ အလုပ်ရုံများ နှင့် ဘာသာရေးအဆောက်အဦးများ ပြိုကျပြီး ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ ပျဉ်းမနားမြို့နယ်ထဲမှာ ဘာသာရေးအဆောက်အဦးထဲကဆိုရင် ဗလီတစ်လုံးက လုံးဝပြိုသွားတယ်၊ နည်းနည်းပြိုတာ သုံးလုံးရှိတယ်။ ပျဉ်းမနား ဗိုလ်ချုပ်လမ်းက အဆောက်အဦးတွေ အကုန်ပြိုတယ်။ ခေမာသီဝံကျောင်း မှာလုပ်တဲ့ တရားစခန်းအဆောက်အဦး ပြိုကျတာမှာလည်း ဆုံးကြတယ်။ လက်လှမ်းမှီသလောက် ကောက်ကြည့်တာ လက်ရှိကို ၅၀ကျော်နေပြီ၊ ရာချီပြီး သေဆုံးနိုင်တယ်” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိခိုက်သေဆုံးသူများပြားပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်လုံးတွင် သေဆုံးမှုများရှိကာ နေပြည်တော်ကုတင် ၁၀၀၀ တွင်လည်း ဆေးဝါးကုသမှုခံယူနေရသည့် ထိခိုက်ဒဏ်ရာရသူများ များပြားကြောင်းသိရသည်။
“သေဆုံးတဲ့အထဲမှာ ဝန်ကြီးဌာနတွေက အရာရှိကြီးတွေပါတယ်လို့ သိရတယ်” ဟု စီဒီအမ် အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေငလျင်ကြောင့် သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ ဝန်ကြီးဌာနများမှ အရာရှိအဆင့်များပါဝင်ကြောင်း သိရပြီး စုံစမ်းမှုများပြုလုပ်ကာ ရေးသားဖော်ပြပေးမည် ဖြစ်သည်။
ယနေ့ မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြု၍ အင်အား ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးအချို့ကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ငလျင်ဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ အပါအဝင် အချို့နေရာများသို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့သည်။
#နေပြည်တော် #ပြင်းထန်ငလျင် #လူရာနှင့်ချီသေဆုံးနိုင်#ကူညီကယ်ဆယ်ရေး #နေပြည်တော်ကုတင်၁၀၀၀ #ဆေးရုံ
#Ayeyarwaddy_Times