
ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
ထိုင်းအစိုးရက ဘန်ကောက်မြို့ကို အရေးပေါ်ဧရိယာအဖြစ် ကြေညာထားပြီး နောက်ဆက်တွဲ ငလျင်များလည်း ထပ်မံဖြစ်ပွားနိုင်သည့်အတွက် သတိထားနေထိုင်ကြရန် နှင့် ဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ် ကပြောဆိုခဲ့သည်။
ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုအတွင်းဘန်ကောက်မြို့ရှိ ထိုင်းအစိုးရ၏ ဆောက်လုပ်ဆဲ အထပ်မြင့် စာရင်းစစ်ချုပ်ရုံး ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် လူ သုံး ဦး သေဆုံးထားပြီး ၈၁ ဦးမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အဆိုပါ ဆောက်လုပ်ဆဲ အထပ် ၃၀ မြင့်အဆောက်အဦးတွင် အလုပ်လုပ်ကိုင်နေသူပေါင်း အယောက် ၄၀၀ ကျော် ရှိပြီး ပိတ်မိနေသူများထဲတွင် မြန်မာအလုပ်သမားများလည်း ပါဝင်နေကြောင်း သိရသည်။
ထိုင်းကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ် ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာ ရသူများကိုလည်း နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ကုသ နေကြောင်းသိရသည်။
လက်ရှိတွင် ဘန်ကောက်ရှိ MRT၊ BTS ရထားပြေးဆွဲမှုများကိုလည်း ရပ်တန့်ထားပြီး ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် အိမ်ပြန်နောက်ကျသူများအတွက် ပန်းခြံများကို ညလုံးပေါက် ဖွင့်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ မတ် ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ အခြေပြု လှုပ်ခတ်ခဲ့သည့် ရစ်ချက်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံများ ငလျင် ဒဏ်ခံစားခဲ့ရသည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုထက်မနည်း ပျက်စီးဆုံးရှုံးရှိနိုင်ကာ ပြိုကျပျက်စီးမှုအများအပြား ကြုံတွေခဲ့ရပြီး ရုပ်သံမှတ်တမ်းများအရ လူပေါင်းရာနှင့်ချီ သေဆုံးနိုင် သော်လည်း စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မရှိပေ။
ဓာတ်ပုံ – The Nation Thailand
ပုံစာ – ဘန်ကောက် အဆောက်အအုံပြိုကျမှု ကယ်ဆယ်ရေးမြင်ကွင်းများ။
#ဘန်ကောက် #မြန်မာအလုပ်သမား #ပြိုကျ #အဆောက်အအုံ #Ayeyarwaddy_Times