
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၈ ရက်
ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် အရပ်သားယောင်ဆောင်ပြီး ခရီးသည် တင်ယာဥ် နှင့် လိုက်ပါ လာသော မြိတ်မြို့အခြေစိုက် ခလရ-၁၀၃ တပ်မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ကိုဖမ်းဆီး ရမိကြောင်း ပြညသူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) တို့သည် မတ် ၂၆ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဥ်အသွားအလာများကိုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အရပ်သားအယောင်ဆောင်၍ ခရီးသည်တင်ယာဥ် နှင့် အတူရောနှော လိုက်ပါလာသော မြိတ်မြို့အခြေစိုက် ခလရ (၁၀၃) စစ်ကောင်စီတပ်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက် အသက် ၄၀ နှစ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အဲဒီဗိုလ်မှူး သိန်းထိုက်ကို စစ်ဆေးချက်အရ သူပြောပြတာက အခုလက်တလော တနင်္သာရီ မြို့နယ်အတွင်း မှာစစ်ကြောင်းထိုးနေတာသူပါတာပေါ့လေ။ အဲဒီကနေပြီး သူက မိဘအိမ် ကိုခဏပြန်အုံးမယ်လို့ပြောပြီးထွက်ပြေးလာတာ။ ပြီးတော့ အရပ်သားယောင်ဆောင်ပြီး ခရီးသည် ယာဥ်ကနေ တစ်ဆင့် ရန်ကုန်ကို သွားရောက်ဖို့ လာခဲ့တာပေါ့။ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေကလည်း စနစ်တကျ နဲ့ တင်းကျပ်စွာစစ်ဆေးနေလို့သာ အခုလိုဖမ်းဆီးရမိခြင်းဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဗိုလ်မှူးသိန်းထိုက်သည် မြိတ်မြို့အခြေစိုက် ခလရ (၁၀၃) တပ်ရင်းမှာ ယာယီတပ်ရင်းမှူး အဖြစ်တာဝန်ထမ်းဆောင်နေသည် မှာ ခြောက်လ ခန့်သာရှိသေးကြောင်းသိရသည်။
လက်တလော အချိန်တွင် ဖမ်းဆီးရမိသည့် ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများကို ဆက်လပ်လုပ်ဆောင်ရွက်လျှက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှသိရသည်။
ပုံစာ- ဖမ်းဆီး ရမိသော ယာယီတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်
#အရပ်သားယောင်ဆောင် #ခရီးသည်တင်ယာဥ် #မြိတ်မြို့အခြေစိုက် #ခလရ၁၀၃ #ယာယီတပ်ရင်းမှူး #ဗိုလ်မှူးသိန်းထိုက် #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times