
(ချင်း)၊ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
ချင်းပြည်နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကို အဓိကဆက်သွယ်ထားသည့် ရှောက်ပင်အောင်မြင်ကျေးရွာ လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများပြားဖြင့် စခန်းထိုင် တပ်စွဲထားကြောင်း ဒေသခံများထံက သိရှိရသည်။
အဆိုပါလမ်းသည် ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီ စသည့်မြို့နယ်များကို ကုန်သွယ်စီးဆင်းသည့် လမ်းကြောင်းဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီး ရှောက်ပင်အောင်မြင်ကျေးရွာ လေးလမ်းဆုံတွင် စခန်းထိုင် တပ်စွဲထားခြင်းဖြစ်သည်။
“ဘန်ကာတွေ၊ ဗုံးခိုကျင်းတွေ တူးထားပြီး အင်အား ၁၀၀ ခန့်နဲ့ စစ်တပ်တွေ တပ်စွဲထားပါတယ်။ အဲ့လမ်းက ချင်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း လေးလမ်းဆုံ လမ်းဖြစ်တယ်။ ကုန်သွယ်စီးဆင်းတဲ့နေရာမှာ အဓိက အရေးပါတဲ့လမ်းဖြစ်တယ်”ဟု ရေဇွာမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ်တွင် ကုန်စည်သယ်ယူခွင့် ကန့်သတ်ခြင်း၊ ကုန်သည်များနှင့် ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လာနိုင်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်ထားသည်။
“နယ်မြေစိုးမိုးမှုတွေ လုပ်ဆောင်ချင်တာဖြစ်မယ်ထင်ပါတယ်။ အရင်က အဲ့နေရာမှာ စခန်းထိုင်တာ၊ တပ်စွဲတာမရှိဘူး။ နောက်တချက်က သူတို့ထုံးစံအတိုင်း ကုန်စည်သယ်ယူတာတွေ ကန့်သတ်လာနိုင်တယ်။ ကုန်သည်ဆီက ငွေကောက်ခံလာနိုင်တယ်ပေါ့လေ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရှောက်ပင်အောင်မြင်ရွာ လေးလမ်းဆုံဂိတ်မှ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ကန့်သတ်ခြင်းများ ပြုလုပ်လာပါက မြို့တော်ဟားခါးအပါအဝင် ချင်းပြည်နယ်မြို့နယ်များတွင် စားသောက်ကုန် အခက်ခဲကြုံနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
#ချင်း #မကွေး #ရှောက်ပင်အောင်မြင်ရွာ #လေးလမ်းဆုံဂိတ် #စစ်ကောင်စီတပ် #အင်အားအများပြားဖြင့်တပ်စွဲထား
#Ayeyarwaddy_Times