ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကွင်းကောက်မြို့ အနီးပတ်ဝန်းကျင်သို့ AAနှင့် ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကွင်းကောက်မြို့ အမှတ် ၅ တပ်မတော်တန်းမြင့်လေ့ကျင်ရေးသင်တန်းကျောင်း (တတက ၅) နှင့် လေးမိုင်ခန့်သာကွာဝေးသည့် ပိန္နဲကွင်းရွာသို့ တိုက်ပွဲရောက်ရှိ လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကွင်းကောက်မြို့ ပိန္နဲကွင်းရွာမှ ဆရာတော်တစ်ပါးက “လေးနှစ်တာ ကြိုးစားတည်ဆောက်ခဲ့သမျှ အခုတော့ စစ်သလင်းဖြစ်ပါပြီ။ နှမြောတသဖြစ်တာမျိုးတော့မရှိပါဘူး။ လူလွတ်ရုန်းပြေးခဲ့ရတော့ ကယ်တင်ထားတဲ့ တိလေးတွေအတွက်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ရောက်လာတာက အရမ်းမြန်လွန်းပါတယ်”ဟု လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ကွင်းကောက်ဘက်က ပြည်သူများ စစ်ရှောင်မည်ဆိုပါက ခြောက်ရွာ၊ တလုတ်ထော်လမ်းကိုအသုံးပြုပြီး ပိန္နဲကွင်း၊ ပန်းတောကြီးလမ်းကို လုံးဝမသွားကြရန် တိုက်တွန်းထားသည်။

ကွင်းကောက်မြို့ပတ်ဝန်းကျင်ရှိ ပိန္နဲကွင်း၊ ခြင်ကိုက်ကွင်း၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်း၊ စာစီကုန်း၊ တောင်ဇင်းစသည့် ကျေးရွာများတွင် လက်နက် ကြီး၊ လက်နက်ငယ်သံများ ကြားနေရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သံပုရာကုန်း သင်္ချိုင်းတွင် ထိတွေ့တိုက်ပွဲများရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း အကျအဆုံးရှိခဲ့ပြီး တော် လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက စာစီကုန်းနှင့် ခြင်ကိုက်ကွင်းကြားရှိ တောင်ကုန်းပေါ်မှ အမြောက်များဖြင့်ပစ်ကူပေးခဲ့ပြီး ဒရုန်းဗုံးများလည်း သုံးနေကြောင်း သိရသည်။

ရေကြည်မြို့နယ် နဂါးရစ်တောင်အနီး၌လည်း တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီက Mi 17 ရဟတ်ယာဉ်၊ Y 12 ထောက်ပို့လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းပြင်ရွာဘက်တွင်လည်း စစ်ဘေးရှောင်များထဲတွင် AA နှင့် PDF များ ရောပါနေသည်ဟုအကြောင်းပြကာ အပြင်းအထန်စစ်ဆေးနေကြောင်း သိရသည်။

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံး ပြုပြီး ပြည်သူများနေထိုင်ရာ လူနေအိမ်နှင့် ဘာသာ ရေးအဆောက်အဦများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ပြည်သူများ ကျေးရွာများအတွင်း ပိတ်မိနေပြီး နဂါးရစ်အနောက်ဘက်ရှိ ကျေး ရွာနေပြည်သူများကို အပြင်ပေးမထွက်ဘဲ ပိတ်ပင်ကာ ကုန်စည်စီးဆင်းမှုကိုလည်း တားမြစ်လိုက်သော ကြောင့် ပါရာစီတမောတစ်လုံးကို တစ်သောင်းကျပ်အထိ ပေးဝယ်နေရကြောင်း သိရသည်။

#ဧရာဝတီတိုင်း #အင်္ဂပူ #ကွင်းကောက် #ပိန္နဲကွင်း#ရေကြည်မြို့နယ်#အမှတ်၅ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း#
#Ayeyarwaddy_Times