(ခမ်းပတ်)၊ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့တွင် မပေါက်ကွဲသေးသည့် စစ်ကျန်ဗုံးသီးမှ ယမ်းမှုန့်ထုတ်ယူရာတွင် ပေါက်ကွဲမှုဖြစ်ပွား၍ ချင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

သေဆုံးသူသည် ခမ်းပတ်မြို့၊ ကာနန်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် Salai Thangchhuaka ဖြစ်သည်။
ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် Salai Thangchhuaka သည် ၎င်း ကောက်ယူရရှိထားသည့် မပေါက်ကွဲသေးသည့် စစ်ကျန် ဗုံးသီးမှ ငါးမိုင်းခွဲရန် ယမ်းမှုန့်များ ထုတ်ယူရာတွင် မတော်တဆ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ငါးမိုင်းခွဲမယ်ဆိုပြီး ဗုံးသီးထဲက ယမ်းမှုန့်တွေ ထုတ်တာပါ။ မတော်တဆ ဗုံးသီးက ပေါက်ကွဲမှုဖြစ်ပြီး ခြေလက်တွေ၊ မျက်လုံးတွေ ဗုံးစမှန်ပြီး ဒဏ်ရာပြင်းထန်ရတယ်။ ဆေးရုံချက်ချင်း ပို့ဆောင်ပေမဲ့ သေဆုံးသွားတယ်” ဟု ခမ်းပတ်မြို့ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အများပြည်သူများအနေဖြင့် တမူးမြို့နယ်တွင် စစ်ကျန်လက်နက်ပစ္စည်းများ ကောက်ယူရရှိပါက သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ အပ်နှံကြရန် တမူးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက တိုက်တွန်းထားသည်။

“တချို့တွေက မမြင်ဖူးတော့ စမ်းသပ်ချင်ကြတယ်။ ကလေးတွေကလည်း အထူးဆန်းတွေဖြစ်ပြီး ဆော့ကစားကြတယ်။ ဒါတွေက မလုပ်သင့်ဘူးပေါ့လေ။ စစ်ကျန်ပစ္စည်းဆိုတာ အချိန်မရွေး ပေါက်ကွဲနိုင်တယ်။ ပေါက်ကွဲရင်လည်း မိမိတစ်ဦးတည်း၊ ဒါမှမဟုတ် မိသားစု၊ ပတ်ဝန်းကျင်က လူတွေပါ ထိခိုက်သေဆုံးမှုရှိတယ်။ အင်မတန်မှ ကြောက်စရာဖြစ်ပါတယ်။ ဒါကြောင့် မိမိကောက်ယူထားတဲ့ စစ်ကျန်ပစ္စည်းတွေကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ဆီ အမြန်ဆုံးအပ်နှံကြဖို့ ပြောချင်ပါတယ်”ဟု တမူးမြို့နယ် တပ်ရင်းမှူးအဆင့်ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခမ်းပတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲတွင်း စစ်ကျန်ပစ္စည်းများ နေရာအနှံတွင် ကျန်ရှိနေသေးကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ကျန်ပစ္စည်းများတွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေအိမ်တွင် ယူဆောင်ခြင်းများမပြုလုပ်ဘဲ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်းကြားပြီး ဖယ်ရှားခိုင်ခြင်းများ ပြုလုပ်စေချင်ဟု ဆိုသည်။

ခမ်းပတ်မြို့နှင့် ကာနန်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်နေ့တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကလေးအပါအဝင် အရပ်သား ငါး ဦးသေဆုံးခဲ့သည်။

#ခမ်းပတ်မြို့ #ကာနန်းရွာ #မပေါက်ကွဲသေးသည့်ဗုံးသီး #ယမ်းမှုန့် #ပေါက်ကွဲမှုဖြစ်၍ #အရပ်သားတစ်ဦးသေဆုံး
#Ayeyarwaddy_Times