ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၇ ရက်

တနင်္သာရီ တိုင်း၊ပုလောမြို့နယ် ၊ ရှပ်ပုံကျေးရွာ ရှိစစ်ကောင်စီစစ်ကြောင်း ထိုးရာတွင် ရှေ့ဆောင် လမ်းပြအဖြစ်ပါဝင်သူ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးသိန်းဇော်အေး ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

ပုလောမြို့နယ် ၊ရှပ်ပုံကျေးရွာ ၊ပျူစောထီးခေါင်းဆောင်ဖြစ်သူ အသက် (၄၅) နှစ်ဝန်းကျင်အရွယ် ဦးသိန်းဇော်အေးကို ယနေ့ မတ်လ ၂၇ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က ပုလောမြို့နယ် ၊မင်းသီရိ ကျေးရွာလမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” သိန်းဇော်အေးက ရွာမှာအရမ်းဆိုးတဲ့သူ။ ၂၀၂၁ စစ်တပ်အာဏာသိမ်းစဥ်က အာဏာဖီဆန်ရေး လှုပ်ရှား မှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း ဖမ်းဆီးခြင်း ၊ခြိမ်းခြောက် ငွေကြေးတောင်းခံခြင်းလုပ်တယ်။ ပြီးတော့ စစ်ကောင်စီစစ်ကြောင်း ရွာထဲကိုဝင်လာရင် လမ်းပြအဖြစ် လိုက်ပါပေးပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးရာမှာလည်း ထိပ်ဆုံးကပါဝင်တဲ့သူဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုး က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း နှင့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုကြောင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း အနေဖြင့် စစ်ကောင်စီတပ်၏ဒေါက်တိုင်မှန်သမျှကို ဖြိုဖျက် သွားမည်ဖြစ်သောကြောင့် စစ်သား၊ ရဲ၊ ပျူစောထီး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူ့ဘက်ကို မျက်နှာမူ၍ လက်နက်ချ အလင်းဝင်ရောက်ကြရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-သေဆုံးသူ ပျူစောထီးခေါင်းဆောင် သိန်းဇော်အေး။

#ပုလောမြို့နယ် #စစ်ကောင်စီစစ်ကြောင်း #ရွာမီးရှို့ #ပျူစောထီးခေါင်းဆောင် #ပစ်ခတ်ခံရပြီးသေဆုံး #Ayeyarwaddy_Times