
ဧရာဝတီတိုင်းမ်
(ကနီ)၊ မတ် ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ကျေးရွာများကို အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးကြဲမှုများပြုလုပ်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက မတ် ၂၂ ရက်မှစတင်ကာ ၂၅ ရက်နေ့အထိ သုံးရက်ဆက်တိုက် ၎င်းတို့စခန်းချရာ နေရာများသို့ ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ မတ် ၂၅ ရက်နေ့က ကနီမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများသို့ ဒရုန်းဖြင့် ကင်းထောက်မှုများပြုလုပ်နေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကနီမြို့ပေါ်ရှိ ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်းအိမ်ယာ၊ ထွေအုပ်ရုံး၊ စာရင်းစစ်ရုံး များသို့ ဒရုန်းများ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ရဲမေ နှစ် ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း ကနဦး သိရှိထားရပြီး စစ်ကောင်စီက ကနီမြို့ပေါ်ရှိ နေအိမ်အချို့ကို မီးရှို့မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
“စစ်ကောင်စီဘက်က နေ့တိုင်းလိုလို ကင်းထောက်နေတယ်ဗျ။ နောက်ပြီး အင်အားဖြည့်တင်းတာလဲရှိတယ်ဗျ။ စစ်ရေးအခြေအနေ တင်မာလာနိင်တဲ့ အနေအထားရှိတယ်” ဟု ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်ကြီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် ကနီမြို့ပေါ်ရှိ ၎င်းတို့စခန်းချရာသို့ ဗျူဟာ-၄၅ KLG PDF ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကနီဒေသတွင် ဒရုန်းဖြင့် ကင်းထောက်မှုများ နေ့စဉ်ပြုလုပ်နေသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့များကို မေ ၂၄ ရက်နေ့တွင်လည်း ထပ်မံ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် တစ် ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်မှုများကို ဗျူဟာ-၄၅ KLG PDF ဒရုန်းအဖွဲ့ နှင့်အတူ Chindwin Rocket Brothers- CRB၊ ချိုမိုင်မိုင်တပ်ဖွဲ့-ကနီနယ် နှင့် နယ်မြေခံ(ပကဖ) များမှ ပူးပါင်း တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – KLG PDF
#ကနီ #စစ်ကောင်စီ #ဒရုန်းဖြင့်တိုက်ခိုက် #သေဆုံး #PDF #Ayeyarwaddy_Times