
ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်း၊ လေမျက်နှာနှင့် ရခိုင်အစပ်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧရာဝတီတိုင်းအတွင်းရှိ ဆေးရုံများသို့ ခွဲ၍ပို့ဆောင်နေရကြောင်း သိရသည်။
ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေးမျက်နှာဆေးရုံ၊ ငါးသိုင်းချောင်းဆေးရုံ၊ ပုသိမ် မဆရ ၄၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ထားရပြီး သေဆုံးတပ်ဖွဲ့ဝင်များကို ကွင်းကောက်ဒေသရှိ ရခိုင်ကုန်း၊ အုတ်တွင်းကုန်းစသည့် သင်္ဂြိုဟ်စက်များတွင် သင်္ဂြိုဟ်နေရကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံမှ သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖောကားများဖြင့် သယ် ဆောင်လာပြီး ပုသိမ်အရောက်တွင် လူနာတင်ယာဉ် များဖြင့် ပြောင်းကာ ပုသိမ် စစ်ဆေးရုံ မဆရ ၄ သို့ပို့ဆောင်နေပြီး ဆေးဝါးကုသရန် မနိုင်တော့ သည့်အတွက် ပုသိမ်ဆေးရုံကြီး ၉ ထပ်ဆောင်တွင် အထူးကြပ်မတ်ပြီး ကန့်သတ်ဆောင်အဖြစ်လုပ်ကာ ဆေးဝါးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
“သွေးလိုအပ်ချက်တွေအရမ်းများပြီး အပြင်ကိုလည်း အသိမခံနိုင်တော့ အရပ်သားတွေကို သွေးမလှူခိုင်းဘဲ သူတို့စစ်သားတွေဆီကပဲ သွေးတွေထုတ်ပြီး ၂၁ ရက်နေ့က ပုသိမ်ဆေးရုံကြီးမှာ သွေးလှူဒါန်းပွဲလုပ်သွားတယ်။ ကပစ တပ်သားအချို့နဲ့ မိသားစုဝင်တွေလို့ သိရတယ်”ဟု ပုသိမ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒဏ်ရာရရှိသူများ၍ သွေးမလုံလောက်တော့သည့်အတွက် ပြီးခဲ့သည့် မတ် ၂၁ ရက်နေ့တွင် ပုသိမ်ဆေးရုံကြီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သွေးထုတ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြရကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ် ၂၄ ရက်နေ့က ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အရာရှိများ လာရောက်တွေ့ဆုံမှုများ ပြုလုပ်သွားသည်ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တစ်ရှိန်ထိုး ထိုးစစ်နီးကပ်လာပြီဖြစ်သည့် ရေကြည်အမြောက်တပ် အမတ ၃၄၄ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာဝန်အရ ကင်းချိန်များတွင် အမြောက်များကို ရမ်းသန်းပစ်ခတ်နေသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက စစ်ရှောင်များကို အခြားအိမ်သုံးကားများဖြင့် ခေါ်ယူခွင့်မပြုဘဲ ဘုန်းကြီးကား များကိုသာ စိစစ်ဝင်ထွက်ခွင့်ပြုထားကြောင်း သိရသည်။
#ဧရာဝတီတိုင်း #စစ်ကောင်စီ #တပ်သား #ထိခိုက်သေဆုံး #မဆရ၄ #ဆေးရုံ #သင်္ဂြိုဟ်စက် #ခွဲပို့ #Ayeyarwaddy_Times