
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာငွေများကို နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့် နေရာများတွင် အသုံးပြုရမည်ဟုဆိုကာ ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို ထပ်မံ တိုး မြှင့်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်တွင် ယခုရက်အတွင်း ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေး၌ စစ်ခေါင်းဆောင်က ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ထိုကဲ့သို့ ပြောဆို၍ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစည်းအဝေးသည် လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ဘတ်ဂျက်အတွက် ပြင်ဆင်ကာလ အစည်းအဝေးဖြစ်ပြီး ယခင်လွှတ်တော်ရှိစဉ်က ဖြတ်တောက်စိစစ်မှုများ ပြုလုပ်ခဲ့သော်လည်း လက် ရှိတွင် စစ်ခေါင်ဆောင်အနေဖြင့် သုံးချင်သလို သုံးနေကြောင်း သိရသည်။
“ဘဏ္ဍာငွေတွေကို နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ့် နေရတွေမှာ အသုံးချနိုင်ဖို့လိုပြီး တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်နဲ့စွမ်းအား မြှင့်တင်နိုင်ဖို့ အတွက် ဘတ်ဂျက်ငွေတွေ သုံးစွဲရတာရှိတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ကောင်စီသည် ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အသုံး စရိတ်များ တိုးမြှင့်ပေးထားသည်ဟု ထည့်သွင်းပြောဆိုသော်လည်း ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် သုံးစွဲမည့် ပမာဏ အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။
ယင်းသို့ စစ်ကောင်စီက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ခြင်းသည် လက်ရှိအနေအထားအရ စစ်ရေး အသာရအောင် မလုပ်နိုင်တော့သဖြင့် မျှော်လင့်ချက်ထားကာ တိုးမြှင့်သုံးစွဲလာသည်ဟု ယူဆ၍ ရကြောင်း CDM ဗိုလ်ကြီးဗစ်တာက သုံးသပ်သည်။
“ဒီလိုစစ်ရေးဘက်ဂျက် တိုးမြှင့်လာတဲ့နောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေတော့ ပိုလုပ်လာနိုင်ပါတယ်။ ပြည်သူ့ငွေနဲ့ ပြည်သူကို ပြန်တိုက်ခိုက်တဲ့ သဘောမျိုးပါပဲ” ဟု CDM ဗိုလ်ကြီးဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းမှုကြောင့် လွှတ်တော်မရှိတော့သဖြင့် ဘတ်ဂျက် ပွင့်လင်းမြင်သာမှု မရှိတော့သလို ယခုကဲ့သို့ ဘဏ္ဍာငွေများကို စိတ်ထင်သလို စစ်ခေါင်းဆောင် သုံးစွဲနေမှုအား ကန့်ကွက်ရဲသူလည်း မရှိတော့ကြောင်း နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထောက်ပြသည်။
စစ်ကောင်စီသည် ကာကွယ်ရေး အသုံးစရိတ်ကို နှစ်စဉ်တိုးယူနေပြီး ၎င်းတို့ အသက်သွင်းလိုက်သော စစ်မှုထမ်း ဥပဒေနှင့် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ပို၍အသုံးစရိတ် လိုလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
“စစ်မှုထမ်း ဥပဒေ ပြဌာန်းထားသလို လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်ပစ်ခတ်မှုတွေကို ပြည်သူလူထုအပေါ် အဆက်မပြတ် လုပ်နေတဲ့အခါကျတော့ ပိုပြီးလိုအပ်လာတယ်။ အမှန်ကတော့ အမည်ခံ ပါ၊ သူတို့ ကြိုက်သလောက် တိုးလို့ရနေတယ်” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သော ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အထိသာ ကာကွယ်ရေး အသုံးစရိတ်ကို ထုတ်ပြန်ဖော်ပြခဲ့ပြီး ၃၀ ရာခိုင်နှုန်းရှိကာ ယခင်စစ်အစိုးရ၊ လွှတ်တော်ရှိစဉ်က ကာကွယ်ရေးသည် ဘတ်ဂျက်တခုလုံး၏ ပျမ်းမျှ ၁၃ ရာခိုင်နှုန်း ဝန်းကျင်သာရှိကြောင်း သိရသည်။
“စစ်ရှုံးတာကို ဝန်ခံမယ့်သူ မဟုတ်ဘူး။ တာဝန်ယူမှု/တာဝန်ခံမှု accountability လုံးဝမရှိဘူး။ သူများကိုပဲ အပြစ်ပုံချမယ့်သူမျိုး။ အခု ၂၀၂၆ ဘတ်ဂျက်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒီကိစ္စ ဘတ် ဂျက်ထဲ ထည့်ရမယ်။ ပါ-မပါ မသိနိုင်ဘူး” ဟု အကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် ပညာရေး၊ ကျန်းမာရေးကို ပျမ်းမျှအားဖြင့် ၇-၈ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်း ဝန်းကျင်သာ သုံးစွဲခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ်စရိတ်ထက် များစွာနည်းပါးနေ၍ ထုတ်ပြန်ခြင်း မပြုဘဲ လျှို့ဝှက်ထားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ဘဏ္ဍာငွေများ #နိုင်ငံနှင့်ပြည်သူ #အကျိုးရှိမည့်နေရာ #ကာကွယ်ရေးအသုံးစရိတ် #ထပ်တိုးမြှင့် #Ayeyarwaddy_Times